Skip to main content

ပြည်တွင်းစားသုံးမှု များပြားလာခြင်းကြောင့် ကုလားပဲများ ရောင်းအားမြင့်တက်လာ

မန္တလေး  မတ် ၂၉

ယခုကာလအတွင်း ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါဂယက်ကြောင့် ပြည်တွင်း၌စားသုံးရန် ဝယ်ယူမူများပြားလာသည့် မြန်မာ့ထွက်ကုန်သီးနှံ ကုလားပဲများစျေးကွက်အတွင်း ရောင်းအားသိသာစွာ မြင့်တက်လျက်ရှိကြောင်း မန္တလေးမြို့ ပဲကုန်သည်များထံမှ သိရသည်။

အဆိုပါ ကုလားပဲကိုတောင်သူများအနေဖြင့် ပြည်တွင်းစားသုံးကုန် အတွက်သာ အဓိကစိုက်ပျိုးကြခြင်းဖြစ်သည်။ ပေါ်ဦးပေါ်ဖျား ဇန်နဝါရီလ အတွင်းက သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၇၂၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ကုလားပဲခြမ်း လက်ကားစျေးတစ်ပိဿာလျှင် ငွေကျပ် ၁၉၀၀ နှုန်းဖြင့် လည်းကောင်း အဖွင့်စျေးစခဲ့ပြီး လှိုင်လှိုင်ပေါ်ထွက်သည့် ယခုချိန်တွင် သုံးတင်းဝင်တစ်အိတ်လျှင် ၆၂၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကုလားပဲခြမ်း လက်ကားစျေးတစ်ပိဿာလျှင် ငွေကျပ် ၁၆၅၀ နှုန်းဖြင့်လည်းကောင်း အရောင်း သွက်လျက်ရှိသည့်အပြင် စားသုံးသူများပြားသည့်အတွက် ကုလားပဲခွဲစက် များလည်း လည်ပတ်မှုကောင်းမွန်လာကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။

“ဒီကုလားပဲက ပြည်တွင်းမှာ မြန်မာလူမျိုးတိုင်းစားသုံးတဲ့ ပဲတစ်မျိုး ဖြစ်တယ်။ မန္တလေးရဲ့ ဓလေ့အရပြောရရင် သံဃာတော်တွေကို ဆွမ်းလောင်း၊ ဆွမ်းကပ်တဲ့အခါမှာ မပါမဖြစ်လှူဒါန်းကြတယ်။ ဒါ့အပြင် မြန်မာရိုးရာ အစားအစာ တွေမှာလည်း ထည့်သွင်းသုံးစွဲမှုများတယ်။ ဒီရက်ပိုင်းမှာတော့ ကိုဗစ်- ၁၉ ဂယက်ကြောင့် ပြည်သူ့တွေက စားသုံးဖို့ ဝယ်ယူမှုတွေများလာတဲ့အတွက် ရောင်းအားတွေတက်လာပေမယ့် စျေးနှုန်းတွေ ကတော့မတက်ပါဘူး။ ဒါ့ပြင် မန္တလေးမြို့မှာရှိတဲ့ ကုလားပဲခွဲစက်တွေရဲ့ တစ်ဝက်ကျော်မှာလည်း စက်ရပ်နား မထားရဘဲ လည်ပတ်နိုင်လာတယ်။ ဒါ့ကြောင့် ဒီပဲခွဲစက်တွေမှာ မှီခိုလုပ်ကိုင် နေကြတဲ့ လုပ်သားတွေအတွက်လည်း အလုပ်အကိုင်တွေ အဆင်ပြေသွားကြ တာပေါ့"ဟု ၎င်းက ပြောသည်။

ယခုကာလအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာနေထိုင်သည့် မဟာအောင်မြေမြို့နယ်မှ ဒေါ်ဝါဝါအောင်ကလည်း "ဒီရောဂါအတွက် အကောင်းဆုံးကာကွယ်ခြင်းဟာ အိမ်ပြင်ကိုမထွက်ဘဲ နေထိုင်ခြင်းဖြစ်တယ်လို့ သိထားတဲ့အတိုင်း ကျွန်မတို့မိသားစုတွေ အိမ်ထဲမှာပဲနေပြီး ကြိုတင်ဝယ်ထားတဲ့ ကုလားပဲကို နှပ်ပြီးစားသလို အသီးအရွက်၊ ငါးခြောက်တွေနဲ့ လည်းရောပြီး တစ်နေ့တစ်မျိုးမရိုးရအောင် ချက်စားနေကြတယ်။ ကုလားပဲက စျေးနှုန်းလည်း သက်သာ ပြီး ခွန်အားလည်းဖြစ်စေတယ်။ ဒါ့ကြောင့် ဒီကာလမှာကုလားပဲစားပြီး ကျန်းမာရေးသတိနဲ့ အားရှိအောင် နေထိုင်တတ်ဖို့လိုပါတယ်"ဟု ပြောသည်။

မြန်မာ့ထွက်ကုန် ကုလားပဲကို မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် ဆောင်းသီးနှံအဖြစ် တစ်နှစ်လျှင်တစ်ရာသီသာ အများဆုံး စိုက်ပျိုးကြပြီး လက်ရှိအချိန်တွင် မန္တလေးပဲစျေးကွက်သို့ အဆိုပါ ကုလားပဲများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)