Skip to main content

BPI က ဈေးကွက်တွင် လိုအပ်လျက်ရှိသည့် လက်သန့်ဆေးရည်နှင့် အရက်ပြန်ဆေးဘူးများ တိုးမြှင့်ထုတ်လုပ်

ရန်ကုန်  မတ် ၂၉

ရန်ကုန်မြို့ရှိ ဆေးဝါးစက်ရုံ(အင်းစိန်) BPI က COVID-19 ရောဂါ ကာကွယ်ရေးအတွက် ဈေးကွက်တွင် လိုအပ်လျက်ရှိသည့် လက်သန့် ဆေးရည်နှင့် အရက်ပြန်ဆေးဘူးများကို ယခင် ကထက် ပိုမိုတိုးမြှင့် ထုတ်လုပ်လျက်ရှိ ကြောင်း အဆိုပါ ဆေးဝါးစက်ရုံ (အင်းစိန်) မှ သိရသည်။

“အခုက ပုံမှန်ထက်ကို နှစ်ဆလောက် ပိုထုတ်နေပါတယ်။ အင်းစိန် BPI ဆေးဝါး စက်ရုံရှေ့မှာရှိတဲ့ ဆေးအရောင်းဆိုင်ကနေ အရက်ပြန်ဆို လိုသလောက် ရောင်းပေးနေ ပါတယ်။ လက်သန့်ဆေးကတော့ တစ်ဦး တစ်ယောက်တည်းက အများကြီးဝယ်နေတာ ရှိတော့ လူတစ်ဦးကို တစ်ဘူးနှုန်းနဲ့ ရောင်းပေးနေ ပါတယ်။ စက်ရုံရောင်းဈေးအတိုင်း ရောင်းချ ပေးနေပါတယ်။ ဈေးတင်ရောင်းတာ မရှိ ပါဘူး။ အရက်ပြန်ကတော့ တော်တော်လေး ရောင်းပေးရပါတယ်”ဟု ဆေးဝါးစက်ရုံ(အင်းစိန်) BPI မှ စက်ရုံမှူး ဒေါက်တာခင်ပြုံးလွင်က ပြောသည်။

ဆေးဝါးစက်ရုံ(အင်းစိန်) BPI မှ ထုတ်လုပ် လျက်ရှိသော အရက်ပြန်နှင့် လက်သန့်ဆေးရည် များသည် သတ်မှတ်ထားသည့် စံချိန်စံညွှန်း GMP guide line အတိုင်း ထုတ်လုပ်လျက် ရှိပြီး သုံးစွဲသူများအနေဖြင့် ယုံကြည်စိတ်ချ စွာ သုံးစွဲနိုင်ကြောင်း ဈေးကွက်အတွင်း ပုံမှန်ဈေးနှုန်းဖြင့်သာ ရောင်းချပေးလျက်ရှိကြောင်း ဆေးဝါးစက်ရုံ (အင်းစိန်) BPI စက်ရုံမှူးထံမှ သိရသည်။

စက်ရုံမှူး ဒေါက်တာခင်ပြုံးလွင်က “BPI ဆေးဝါး စက်ရုံအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမှာစာအတိုင်း ဆေးဝါးတွေကို ထုတ်လုပ်ပေးနေပါတယ်။ ပဋိဇီ၀ဆေးတွေကိုလည်း တောက်လျှောက် ထုတ်ပေးနေ ပါတယ်။ နိုင်ငံတော်ရဲ့ လိုအပ်ချက်ဖြစ်လာတဲ့ အချိန်မှာ ကျွန်မတို့ BPI ဆေးဝါးစက်ရုံ ဝန်ထမ်းတွေအနေနဲ့ နေ့၊ ည အဆိုင်းတွေတိုးပြီး ထုတ်လုပ်ဖို့ စီစဉ်ဆောင်ရွက် လျက် ရှိပါတယ်။ လက်ရှိလည်း မူလထုတ်လုပ်မှုထက်ပိုပြီး ဆေးဝါးတွေကို ထုတ်လုပ်လျက်ရှိပါတယ်။ ဆေးဝါးလိုအပ် ချက်ကိုလည်း တတ်နိုင်သလောက် ဖြည့်ဆည်းပေးသွား မှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ဆေးဝါးစက်ရုံ(အင်းစိန်) BPI မှ ဆေးပြား၊ ဆေးမှုန့်၊ ဆေးရည်၊ လိမ်းဆေး၊ ထိုးဆေး၊ သွေးကြောသွင်း ဆေးရည်၊ ကာကွယ်ကုသဆေးနှင့် အဆိပ်ဖြေဆေးများ၊ စုစုပေါင်း ဆေးအမျိုးအစား ၁၈၀ ကျော်ကို ထုတ်လုပ်ပေးလျက်ရှိပြီး လက်သန့်ဆေးရည်ကို 50mL ၊ 500mL ၊ 4 Liters ဘူးများ ဖြင့် ထုတ်လုပ်လျက်ရှိပြီး အရက်ပြန်ဆေးဘူးများကို 100 mL ၊ 500mL ဘူးများဖြင့် ထုတ်လုပ် လျက်ရှိကြောင်း သိရသည်။ COVID-19 ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန် အတွက် ပြည်တွင်း၊ ပြည်ပမှ ထုတ်လုပ်သည့် အရက်ပြန်နှင့် လက်သန့်ဆေးရည်များ ဈေးကွက်အတွင်း ပစ္စည်းပြတ်သည်အထိ ဝယ်ယူမှုများခဲ့ကြောင်း ဈေးကွက် အတွင်းက သိရသည်။

မင်းသစ်(MNA)