Skip to main content

အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားကောင်းစေမည်

ရန်ကုန် ဩဂုတ် ၁၂

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရွှေလင်ပန်းစက်မှုဇုန်ရှိ CMP အထည်ချုပ်စက်ရုံများဖြစ်သည့် Shengjie (Myanmar) Co.,Ltd.၊ Zhehiang Tongli Clothing Co.,Ltd.၊ Gold Emperor(Myanmar) Co.,Ltd. စက်ရုံများသို့ သွားရောက်ပြီး လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးမှု များနှင့် စက်ရုံ၊ အလုပ်ရုံများဆိုင်ရာ လိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်များကို စက်ရုံ၊ အလုပ်ရုံများမှ အကောင်အထည်ဖော်ဆောင်ရွက်မှု များကို ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံ တာဝန်ခံများက စက်ရုံအတွင်းရှိ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)ဆိုင်ရာ ကိစ္စရပ် များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးအတွက် အလုပ်ရှင်၊ အလုပ်သမား လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်ရန် လိုအပ်ကြောင်း၊ ကုန်ထုတ်စွမ်းအား မြင့်မားစေရေးအတွက် ကျွမ်းကျင်လုပ်သားများ ပြုစု ပျိုးထောင်နိုင်သည်နှင့်အမျှ ထုတ်ကုန်များကို အရည်အသွေးမီ၊ အချိန်မီထုတ်လုပ် နိုင်မည်ဖြစ်ကြောင်း။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အထည်ချုပ် အလုပ်အကိုင်ကို အဓိကဦးစားပေး၍ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်သွားမည်ဖြစ်ရာ ၂၀၁၄ ခုနှစ်မှ ယခုအချိန်ထိ အလုပ်အကိုင် အမျိုး ၃၀ မှ အရည်အသွေးပြည့်မီသူ ၁၈၀၀၀ ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့ပြီး အထည်ချုပ် အလုပ်အကိုင် အတွက် ကျွမ်းကျင် လုပ်သား ၅၈၀၀ ခန့်သာ မွေးထုတ်ပေးနိုင်ခဲ့ကြောင်း။

အလုပ်သမားရေးရာ အငြင်းပွားမှုများ လျော့နည်းစေရေး အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ(WCC)နှင့် အလုပ်သမား အဖွဲ့အစည်းများသည် အလုပ်ရှင်များနှင့် စဉ်ဆက်မပြတ် ထိတွေ့ပြီး မျှတသည့် အလုပ်သမားရေးရာ ဆက်ဆံမှုရှိရမည် ဖြစ်ကြောင်း ဆွေးနွေးမှာကြား၍ အလုပ်သမား ကိုယ်စားလှယ်များ၏ တင်ပြချက်များကို စက်ရုံ၊ အလုပ်ရုံတာဝန်ခံများနှင့် ညှိနှိုင်းဆောင်ရွက်ပေးပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန် တိုင်းဒေသကြီး ရွှေလင်ပန်းစက်မှုဇုန်ရှိ ကနောင်ခန်းမ ၌ ကျင်းပသည့် Assessor Methology သင်တန်း ဆင်းပွဲသို့ တက်ရောက်သည်။

သင်တန်းဆင်းပွဲတွင် ဒုတိယဝန်ကြီးက သင်တန်းဆင်းများသည် စာတွေ့၊ လက်တွေ့ ပူးပေါင်း ဆောင်ရွက်ရန်လိုသဖြင့် Trial Test နှစ်ကြိမ် ပြုလုပ်ပြီး Chief Assessor နှင့် “စံ” သတ်မှတ်ရေး ကော်မတီ၏ ထောက်ခံချက်ရရှိပါက Inspector၊ Assessor အဖြစ် အသိအမှတ်ပြုခံရမည် ဖြစ်ကြောင်း၊ Assessor ဖြစ်ပြီးပါက NSSA လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ပူးပေါင်းပါဝင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း။

အဆင့်မြင့်ကျွမ်းကျင် လုပ်သားများ ကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်ခွင့်ရ၍ သတ်မှတ်အရည်အချင်း ပြည့်မီသူများကို စစ်ဆေးရေးမှူးများဖြင့် ဆက်လက် မွေးထုတ်နိုင်ရေး အလေးထား ဆောင်ရွက်စေလို ကြောင်း၊ Assessor Methology သင်တန်းများ စီမံချက်ဖြင့် စက်မှုဇုန်အလိုက် ဖွင့်လှစ်ပေးရန်ရှိ ကြောင်း၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် CMP လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးကို အားကောင်းစေမည်ဖြစ်ကြောင်း မှာကြားသည်။

သတင်းစဉ်