Skip to main content

နိုင်ငံအေးချမ်းသာယာရေး တက်ညီလက်ညီဆောင်ရွက်

“မဲစာရင်းမှားယွင်းမှုအပေါ် နိုင်ငံရေးအရ ဖြေရှင်းခြင်းမပြုလုပ်ဘဲ အကြမ်းဖက်နည်းလမ်းများဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့သောအခြေအနေများကို ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးကို နိုင်ငံရေးအရ ဖြေရှင်းခြင်းမပြုလုပ်ဘဲ လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက်လမ်းစဉ်ဖြင့် ဆောင်ရွက်နေမည်ဆိုပါက တည်ငြိမ်ရန်ခက်ခဲနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံရေးကို နိုင်ငံရေးနှင့်သာ ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအရ ဖြေရှင်းခြင်းမရှိဘဲ အကြမ်းဖက်လုပ်ဆောင်လာပါက အကြမ်းဖက်နှိမ်နင်းရေးလုပ်ငန်းစဉ်များဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၇/၂၀၂၂)တွင် ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့တာဝန်ယူခဲ့သည့် တစ်နှစ်ခွဲကာလအတွင်း စိန်ခေါ်မှုနှင့် အခက်အခဲမျိုးစုံတို့ကိုကျော်ဖြတ်ပြီး နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူအကျိုးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ယခုလာမည့်ကာလအတွင်း၌လည်း နိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေးပြန်လည်ဦးမော့လာအောင် ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး သိသာသောတိုးတက်မှုများ ဖြစ်ထွန်းလာစေရန်အတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်နေသည်။ နိုင်ငံရေးနှင့်စီးပွားရေးသည် ဆက်စပ်လျက်ရှိသဖြင့် စီးပွားရေးဦးမော့လာပြီး နိုင်ငံရေးတည်ငြိမ်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ငြိမ်းချမ်းရေးကို အားလုံးတက်ညီလက်ညီ တွန်းအားပေးဆောင်ရွက်ကြပြီး အကြမ်းဖက်အဖျက်သမား ချုပ်ငြိမ်းသွားအောင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့်အညီ တိုက်ဖျက်နှိမ်နင်းနေသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်က ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဖြစ်ပေါ်လာသည့်ပြဿနာများကို ဒီမိုကရေစီနည်းလမ်းတကျ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြေရှင်းဆောင်ရွက်ခြင်းမပြုဘဲအကြမ်းဖက်နည်းလမ်းများကို ရွေးချယ်ဆောင်ရွက်ခဲ့သော အစွန်းရောက် နိုင်ငံရေးသမားများ၏ သွေးထိုးမြှောက်ပင့် ထောက်ပံ့ပေးမှုများကြောင့် တစ်နှစ်ခွဲကျော်ကာလအတွင်း အပြစ်မဲ့ပြည်သူရဟန်းရှင်လူ ပြည်သူများနှင့် အများပြည်သူပိုင် အခြေခံအဆောက်အအုံအမြောက်အမြား ထိခိုက်ဆုံးရှုံးပျက်စီးခဲ့ရသည်။ ယခုအခါ အကြမ်းဖက်အဖျက်သမားများအား ပြည်သူများနှင့်အတူ ပူးပေါင်းလက်တွဲကာ တိုက်ဖျက်နှိမ်နင်းမှုများကြောင့် အချို့နေရာဒေသများတွင်သာ အကြမ်းဖက်သမားများ ပုန်းခိုခြောင်းမြောင်းတိုက်ခိုက်ခြင်း၊ အပြစ်မဲ့ပြည်သူများနှင့် ခရီးသွားပြည်သူများအား အလစ်အငိုက် တိုက်ခိုက်သတ်ဖြတ်ခြင်းများ ရှိနေသေးသည်။

NUG အကြမ်းဖက်အဖွဲ့သည် အသိမဲ့မိုက်မဲသော PDF အမည်ခံအကြမ်းဖက်သမားများအား သွေးထိုးမြှောက်ပင့်ထောက်ပံ့ပေးမှုများ ဆက်လက်ပြုလုပ်ပေးကာ အပြစ်မဲ့ပြည်သူများအားသတ်ဖြတ်ခြင်း၊ ခရီးသွားပြည်သူများအား လူသားဒိုင်းအဖြစ် အသုံးချသတ်ဖြတ်မှုများပြုလုပ်လာသည်ကို စက်ဆုပ်ဖွယ်မြင်တွေ့ရသည်။ ပြီးခဲ့သည့်ရက်ပိုင်းက ခရီးသည်တင်ယာဉ်တစ်စီးပေါ်၌ လိုက်ပါလာသည့် PDF အမည်ခံအကြမ်းဖက်သမားများက ဧရာဝတီတံတား(ရတနာပုံ)စစ်ဆေးရေးဂိတ်၌ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ခရီးသည်နှစ်ဦး သေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့သည်။ စတင်တိုက်ခိုက်လာသော အကြမ်းဖက်သမားများကို လုံခြုံရေးတပ်ဖွဲ့က စနစ်တကျ ပစ်ခတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမားနှစ်ဦးကို အသေဖမ်းဆီးရမိပြီးတစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကာ အတူပါလာသည့် လက်နက်အသစ်များနှင့် ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သည်။

PDF အမည်ခံအကြမ်းဖက်သမားများသည် ပြည်သူလူထုခရီးသွားလာနေသည့် ခရီးသည်တင်ယာဉ်များကို အကာအကွယ်ရယူ၍ ဓားစာခံပြုလုပ်ကာ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လာကြသည်။ ယခုရက်ပိုင်းအတွင်း ယင်းသို့ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ ခရီးသွားပြည်သူများ၊ ယာဉ်လိုင်းများအနေဖြင့် မသင်္ကာဖွယ်ရာများတွေ့ရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပေသည်။ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများအနေဖြင့်လည်း NUG ၊ PDF အမည်ခံအကြမ်းဖက်သမားများ၏ ခရီးသည်တင်ယာဉ်များအား တိုက်ခိုက်မှု၊ ဓားစာခံပြုလုပ်မှု၊ လူသားတံတိုင်းသဖွယ် အသုံးချတိုက်ခိုက်မှုများကို သိရှိနိုင်ရန်နှင့် အကြမ်းဖက်လုပ်ရပ်များကို အားမပေးဘဲ ဝိုင်းဝန်းဆန့်ကျင်ရှုတ်ချကြရန် လိုအပ်ပေသည်။

သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တာဝန်ယူဆောင်ရွက်နေသော ကာလအတွင်း နိုင်ငံတော်တည်ငြိမ်အေးချမ်းသာယာရေး၊ တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းအောင် ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်သူလူထု အနေဖြင့် ဝိုင်းဝန်းပူးပေါင်းလက်တွဲဆောင်ရွက်ကြပြီး အကြမ်းဖက်အဖျက်လုပ်ရပ်များ အပြီးတိုင်ချုပ်ငြိမ်းရေးလုပ်ငန်းများ၌လည်း အသိတရားဖြင့် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။     ။

ကြေးမုံ,အယ်ဒီတာ့အာဘော်