နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ် (၅)ရပ် နောက်ဆုံးအချက်တွင် အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်ကို လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ် ချမှတ်ထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်နှင့်အညီ လက်တွေ့အကောင်အထည်ပေါ်လာအောင် မမှိတ်မသုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် လုပ်ငန်းများအဆင့်ဆင့်ဆောင်ရွက်နေပြီး ရှေ့လာမည့်ကာလများတွင် တစ်နိုင်ငံလုံး ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်အောင် ဦးတည်ဆောင်ရွက်နေသည်။ မြန်မာနိုင်ငံ၌ ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် အထွေထွေရွေးကောက်ပွဲ သုံးကြိမ် ကျင်းပခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် မြို့နယ် ပေါင်း ၃၃၀ ရှိသည့်အနက် ၂၀၁၀ ရွေးကောက်ပွဲတွင် ၃၂၅ မြို့နယ်၊ ၂၀၁၅ ရွေးကောက်ပွဲတွင် ၃၂၃ မြို့နယ်နှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ၃၁၅ မြို့နယ်တို့တွင် ရွေးကောက်ပွဲကျင်းပခဲ့ရာ ရွေးကောက်ပွဲကျင်းပနိုင်သည့်မြို့နယ်များမှာ တစ်ကြိမ်ထက်တစ်ကြိမ် လျော့နည်းကျဆင်းလာသည်ကို တွေ့ရမည်ဖြစ်သည်။
ပါတီစုံဒီမိုကရေစီစနစ်ကို ဖြောင့်တန်းစွာလျှောက်လှမ်းရာတွင် အထွေထွေရွေးကောက်ပွဲကျင်းပနိုင်သည့် နယ်မြေအရေအတွက်သည် တစ်ကြိမ်ထက်တစ်ကြိမ် မြင့်တက်လာရမည်ဖြစ်သော်လည်း အထွေထွေရွေးကောက်ပွဲကျင်းပနိုင်သည့် နယ်မြေအရေအတွက် လျော့နည်းလာရခြင်းသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိဘဲ လက်နက်ကိုင်ပဋိပက္ခများနှင့် ခြိမ်းခြောက်မှုများ ဖြစ်ပွားနေသောကြောင့်ဖြစ်သည်။ ဒီမိုကရေစီခရီးလမ်းပေါ်သို့ လျှောက်လှမ်းနေသည့်အခါတွင် နိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများ လျော့နည်းပပျောက်သွားအောင် ဆောင်ရွက်ရမည် ဟူသောအချက်ကို တပ်မတော်အနေဖြင့် သိရှိနားလည်ထားသဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအားလုံး ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းလာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးသည့်အချိန်မှစ၍ ယနေ့အချိန်အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အမြောက်အမြားရှိနေသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်ရေးနှင့် တပ်မတော်နှင့်အတူလက်တွဲပြီး အစိတ်အပိုင်းတစ်ရပ်အဖြစ် ပူးပေါင်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့နှင့် နိုင်ငံတော်အစိုးရနှင့်ပူးပေါင်းကာ တရားဝင်လက်နက် ကိုင်အဖွဲ့အစည်းအဖြစ် ရပ်တည်ဆောင်ရွက်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရှိသည်။ သို့ရာတွင် KNU၊ KNPP၊ KIA အဖွဲ့တို့သည် ငြိမ်းချမ်းရေးတွင် ပါဝင်ခြင်းမရှိဘဲ ပဋိပက္ခအသွင်ဆောင်လျက်ရှိသည်။
ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ရာတွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးလွှမ်းခြုံကျင်းပနိုင်ရေးသည် အလွန်အရေးကြီးသည့် အချက်ဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးရယူရာ၌ အသက် (၁၈) နှစ်ပြည့်သူ နိုင်ငံသားတစ်ယောက်မကျန် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိရမည်ဖြစ်သည်။ ရွေးကောက်ပွဲတွင် မဲပေးခွင့်ဆုံးရှုံးနေခြင်းသည် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာ၌ အနုတ်လက္ခဏာဆောင်မှုများဖြစ်စေသည်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတစ်ဦး တစ်ယောက်မကျန်အောင် ဆန္ဒမဲပေးနိုင်ရေးသည် နိုင်ငံတစ်နိုင်ငံ၏ အစိုးရ၊ သို့မဟုတ် တိုင်းပြည်ကို တာဝန်ယူထားသည့် အဖွဲ့အစည်းများ၏ ဆောင်ရွက်ရမည့် တာဝန်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရသည် တိုင်းပြည်၌ နိုင်ငံရေးတည်ငြိမ်အေးချမ်းမှုရှိစေရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။
အားလုံးကလိုလားနှစ်သက်သည့် ဒီမိုကရေစီစနစ်ကို ခိုင်မာအားကောင်းလာစေရန် အကောင်အထည်ဖော်ရန်အတွက် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိနေချိန်တွင် နိုင်ငံရေးပါတီ အဖွဲ့အစည်းများနှင့် တိုင်းရင်းသားပြည်သူများအားလုံးက လက်တွဲပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်၍ ပျက်ပြားစေမည့်အမှုကိစ္စများကို ရှောင်ရှားကြပြီး အေးချမ်းသာယာဝပြောရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေမည့် အကြမ်းဖက်မှုများကို အားမပေးဘဲ ဝိုင်းဝန်းဆန့်ကျင်တိုက်ဖျက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ ဖြောင့်တန်းစွာ လျှောက်လှမ်းနိုင်ရန်အတွက် အရေးကြီးသည့်အချက်ဖြစ်သည့် တိုင်းပြည် တည်ငြိမ်အေးချမ်းသာယာဝပြောရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိနေသည့်အချိန်တွင် ဒီမိုကရေစီအခွင့်အရေးများကို ပြည်သူအားလုံး အပြည့်အဝခံစားနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းလက်တွဲဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။