Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စာပေဗိမာန် ၇၅ နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်မိန့်ခွန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

စာပေဗိမာန် ၇၅ နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်မိန့်ခွန်း

ယနေ့ကျင်းပတဲ့ ၇၅ နှစ်ပြည့် စာပေဗိမာန်စိန်ရတုအခမ်းအနားသို့ တက်ရောက်လာကြတဲ့ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စာပေပညာရှင်များ၊ ဌာနဆိုင်ရာပုဂ္ဂိုလ်များ၊ စာပေတိုက်အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များနဲ့ ဧည့်သည်တော်များ အားလုံး စိတ္တသုခ၊ ကာယသုခ ချမ်းသာခြင်းနှစ်ဖြာနဲ့ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေလို့ ဦးစွာပထမနှုတ်ခွန်း ဆက်သအပ်ပါတယ်။

ဒီနေ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့ဟာ မြန်မာ့စာပေလောကမှာ အစဉ်အလာကြီးမားစွာ ရပ်တည်ခဲ့တဲ့ စာပေဗိမာန်ရဲ့ ၇၅ နှစ်ပြည့် စိန်ရတုတိုင်တဲ့  ရက်ကောင်းရက်မြတ် အချိန်အခါလည်း  ဖြစ်ပါတယ်။ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ယခင်က အကြောင်းအရင်းများစွာ ရှိနိုင်ခဲ့ပေမယ့် ဒီနေ့ခေတ်မှာတော့ “ပညာသည်သာ၊ အခရာ”ဖြစ်ကြောင်း ကမ္ဘာ့နိုင်ငံအားလုံးက လက်ခံထားကြပါတယ်။ ဒီပညာဆိုတာကို ငယ်စဉ်ဘဝက သင်ယူခြင်း၊ လေ့လာခြင်း စတဲ့နည်းလမ်းတွေကို အများဆုံးအသုံးပြု သင်ယူကြရတာဖြစ်ပါတယ်။ လက်တွေ့လုပ်ငန်းခွင်ဝင်ရောက်စဉ်၊ အဆင့်မြင့်ပညာတွေကို ဆက်လက်သင်ယူနေစဉ်နဲ့ စဉ်ဆက်မပြတ်လေ့လာသင်ယူမှု (Continuous Learning) ပြုလုပ်စဉ်မှာတော့ စာအုပ်စာတမ်းတွေ၊ ဆွေးနွေးပြောကြားမှုတွေကို အဓိကအခြေပြုပြီးတော့ လေ့လာ၊ နားထောင်၊ ကြံစည်၊ တီထွင်မှုတွေ ပြုလုပ်ကြရတာဖြစ်ပါတယ်။

ခေတ်အစဉ်အဆက်မှာ ဒီလိုစဉ်ဆက်မပြတ် ပညာကိုဆည်းပူးနိုင်ဖို့၊ ပညာကိုမျှဝေပေးနိုင်ဖို့ နိုင်ငံသူ/နိုင်ငံသား၊ ကမ္ဘာသူ/ကမ္ဘာသားတွေလက်ထဲ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနိုင်ဖို့အတွက် စာအုပ်၊ စာပေတွေကို ကျွန်တော်တို့လူသားတွေ စတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။ ခေတ်မီတိုးတက်လာတဲ့ နည်းပညာရပ်များရဲ့အကူအညီနဲ့ ကျောက်စာ၊ ပေစာ၊ စာအုပ်၊ အီလက်ထရောနစ် စာရွက်စာတမ်း စသဖြင့် အသွင်သဏ္ဍာန် အမျိုးမျိုး ပြောင်းနိုင်ကြပေမယ့် စာအုပ်၊ စာပေဆိုတဲ့ အနှစ်သာရကတော့ မပြောင်းလဲပါဘူး။ ကျွန်တော်တို့မြန်မာတွေဟာ စာအုပ်၊ စာပေတွေနဲ့ ပညာကိုဘယ်လောက်အထိ တန်ဖိုးထားခဲ့ကြတယ်၊ ဘယ်လောက်ထိ လေ့လာခဲ့ကြတယ်ဆိုတာကို “စာတစ်လုံး ဘုရားတစ်ဆူ”ဆိုတဲ့ ရှေးခေတ်ဆိုရိုးစကား၊ “အလိမ္မာ စာမှာရှိ” ဆိုတဲ့စကား၊ “စာအုပ်စာပေ လူ့မိတ်ဆွေ” ဆိုတဲ့ စကားတွေကို ထောက်ရှုခြင်းအားဖြင့် သိရှိနိုင်ပါ တယ်။

ဒီလို တန်ဖိုးထားခဲ့ကြလို့လည်း ကျွန်တော်တို့စာပေ၊ ကျွန်တော်တို့စကား၊ ကျွန်တော်တို့ယဉ်ကျေးမှုဟာ ဒီနေ့အထိ နှစ်ပေါင်းထောင်ချီ တည်တံ့ခိုင်မြဲနေတာကို ဂုဏ်ယူဖွယ်တွေ့မြင်ကြရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ နှစ်ပေါင်းတစ်ရာကျော် ကိုလိုနီနိုင်ငံဖြစ်ခဲ့ရပါတယ်။ ကျွန်တော်တို့လိုပဲ ကိုလိုနီဖြစ်ခဲ့ဖူးတဲ့ နိုင်ငံအချို့မှာ သူတို့ရဲ့မူရင်းစာပေ အက္ခရာ ပြည့်ပြည့်စုံစုံမရှိတော့တာတွေ၊ အခြေခိုင်မာပြီးကောင်းမွန်တဲ့ ယဉ်ကျေးမှုပုံစံအချို့ မှေးမှိန်ပျောက်ကွယ်သွားရတာတွေ ရှိခဲ့ပါတယ်။ သို့သော် ကျွန်တော်တို့နိုင်ငံမှာတော့ ဒါတွေဟာ ပြည့်ပြည့်စုံစုံနီးပါး ယနေ့ထက်တိုင်ရှိနေပါတယ်။ ဒါဟာကျွန်တော်တို့ ပညာသင်ကြားစ အရွယ်ကပင် ကြားသိဖူးတဲ့ ရှင်မဟာရဋ္ဌသာရရဲ့ ဆုံးမစာတစ်ပုဒ်ဖြစ်တဲ့  “ သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ အက္ခရာစွဲသုံး၊ ဤရှစ်လုံးကို၊ သီကုံးပန်းသွင်၊ နေ့တိုင်းဆင်လော့” ဆိုတဲ့ တန်ဖိုးရှိတဲ့ စာပေကြောင့်ပါပဲ။ ဒီလိုခေတ်အဆက်ဆက် လက်ဆင့်ကမ်းခဲ့ကြရာမှာ စာပေဗိမာန်ဟာလည်း မြန်မာ့လွတ်လပ်ရေးအကြိုကာလနဲ့ လွတ်လပ်ရေးရပြီး ကာလတွေမှာ မြန်မာ့စာပေတာဝန်နဲ့ ပြည်သူလူထုကို အသိပညာ ဖြန့်ဖြူးရေးတာဝန်တွေကို အထူးကျေပွန်ခဲ့ပြီး ယနေ့ထက်တိုင် ရပ်တည်နေတဲ့ ဂုဏ်ယူဖွယ်ရာ အဖွဲ့အစည်းကြီးဖြစ်ပါတယ်။

စာပေဗိမာန်ရဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၅ နှစ်သမိုင်းကြောင်းကို ခြေရာကောက်ရရင် ၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်က ဆိုရန်တိုဗီလာ အဆောက်အအုံမှာကျင်းပတဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ စီးပွား တိုးတက်ရေး နှစ်နှစ်စီမံကိန်း) ရေးဆွဲရေး ကွန်ဖရင့်မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ခေတ်မီဗဟုသုတတွေ ကြွယ်ဝပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘာသာပြန်ဌာနကြီးတစ်ခု ဖွင့်လှစ်ဖို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ဗိုလ်ချုပ်ရဲ့ လမ်းညွှန်ချက်အတိုင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုခေါင်းဆောင်တဲ့ ပုဂ္ဂိုလ်များနဲ့ စာပေပညာရှင်တို့ဟာ (Burma Translation Society-BTS) လို့ ခေါ်တဲ့ (မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း) ကို ၁၉၄၇ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်မှာ စတင်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ အဲ့ဒီနေ့ဟာ စာပေဗိမာန်ရဲ့ အစဘဲ ဖြစ်ပါတယ်။ စတင်ဖွဲ့စည်းစဉ် ဝန်ကြီးချုပ်ဦးနုက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး အုပ်ချုပ်မှုကောင်စီဝင် ၁၁ ဦး၊ စုစုပေါင်း ၁၂ ဦးနဲ့ ဖွဲ့စည်းခဲ့ကာ နောက်ပိုင်းမှာတော့ အုပ်ချုပ်မှု ကောင်စီဝင် ၁၅ ဦးအထိ ဖြစ်လာခဲ့ပါတယ်။

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်မှာ မြန်မာနိုင်ငံဘာသာပြန် စာပေအသင်းရဲ့ ယာယီအသင်းတိုက်ကို ဂျပ်ဆင်ကောလိပ်ဝင်းအတွင်း မှာရှိတဲ့ ပါမောက္ခဒေါက်တာလှဘူးရဲ့ နေအိမ်မှာ ခေတ္တငှားရမ်း ဖွင့်လှစ်ခဲ့ပါတယ်။ အဲ့ဒီနောက် မေလဆန်းပိုင်းမှာ ဝန်ထမ်းအင်အား များပြားလာတာကြောင့် ယာယီအသင်းတိုက်နေရာကနေ အမှတ် ၃၆၁၊ ပြည်လမ်းမှာရှိတဲ့ ဆိုရန်တိုဗီလာ အဆောက်အအုံကို ငှားရမ်းပြောင်းရွှေ့ကာ အသင်းတိုက်ရဲ့ အမည်ကိုလည်း စာပေဗိမာန်လို့ပြောင်းလဲအမည် ပေးခဲ့ပါတယ်။ စာပေဗိမာန်ရဲ့ ဆောင်ပုဒ်ကို “အမှောင်ခွင်း၍ အလင်းဆောင်အံ့” လို့ဆိုပြီး စာဆိုတော် ဆရာကြီးဦးဝန်(မင်းသုဝဏ်)က ရွေးချယ်ပေးခဲ့ပြီးတော့မှ ရန်ကုန်တက္ကသိုလ် ပထမဆုံး စာကြည့်တိုက်မှူး၊ စစ်ပြီးခေတ်မှာ မြန်မာ့အသံကို စတင်တည်ထောင်ခဲ့သူဖြစ်တဲ့ ဆရာ K (ဦးခင်ဇော်)က ယင်းဆောင်ပုဒ်ကို “Light, where Darkness was” လို့ အင်္ဂလိပ် ဘာသာသို့ ပြန်ဆိုပေးခဲ့ပါတယ်။

နောက်ပိုင်းမှာ ပုံနှိပ်ရေးလုပ်ငန်းတွေ များပြားလာတဲ့အတွက် မြို့တွင်းရုံးခွဲအဖြစ်ထားရှိဖို့ ကုန်သည်လမ်းနဲ့ ၃၇ လမ်းထောင့် မြေနေရာကိုဝယ်ယူပြီး စာပေဗိမာန် အဆောက်အအုံသစ်ကို အုတ်မြစ်ချခဲ့ပါတယ်။ ၁၉၅၅ ခုနှစ်၊ မေလ ၅ ရက် ကြာသပတေးနေ့မှာ စာပေဗိမာန် အဆောက်အအုံသစ်ကို နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုကိုယ်တိုင် ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ ၆၇ နှစ် ကျော်ခဲ့ပါပြီ။

ဒီစာပေဗိမာန်ကြီးဟာ ပြည်သူလူထုကို ပညာမျက်စိအလင်းပေးဖို့ ရည်ရွယ်ချက်နဲ့ လူထုအလင်း၊ လူထုအိတ်ဆောင်၊ လူထုတက္ကသိုလ် စာစဉ်လုပ်ငန်းတွေကို ပထမဦးစွာ ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၅၄ ခုနှစ်မှာ မြန်မာ့စွယ်စုံကျမ်း အတွဲ-၁ (က-ကုံ) ကို စတင်ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပြီး ၁၉၇၇ ခုနှစ်မှာ မြန်မာ့စွယ်စုံကျမ်းနောက်ဆုံးတွဲဖြစ်တဲ့ အတွဲ-၁၅ ကို ထုတ်ဝေနိုင်ခဲ့ပါတယ်။ စာပေမှတ်ကျောက်တင်ရမယ့် ဂုဏ်ယူဖွယ်ရာလည်း ဖြစ်ပါတယ်။ ကျောင်းသုံးစာအုပ် ထုတ်ဝေရေးလုပ်ငန်း၊ ဝေါဟာရဘဏ်လုပ်ငန်း၊ နှစ်ငါးဆယ်စာစဉ်များ၊ စာပေဗိမာန်မဂ္ဂဇင်း၊ ပြည်သူ့လက်စွဲစာစဉ်၊ သုတပဒေသာစာစောင်၊ ရွှေသွေးဂျာနယ်တို့ကို ထုတ်ဝေခဲ့တဲ့ ဌာနကြီးလည်းဖြစ်ပါတယ်။ ၁၉၅၆ ခုနှစ်၊ မတ်လမှာ စာပေဗိမာန် စာကြည့်တိုက်၊ ၁၉၆၀ ပြည့်နှစ်၊ ဇူလိုင်လမှာ စာပေဗိမာန်အသင်းကို တည်ထောင်ခဲ့ကြတဲ့အပြင် စာပေနှီးနှောဖလှယ်ပွဲတွေ၊ စာတမ်းဖတ်ပွဲတွေ၊ နိုင်ငံတကာစာအုပ်နှစ် အခမ်းအနားတွေကိုလည်း ကျင်းပနိုင်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် စာပေပြုစုထုတ်ဝေမှု လုပ်ငန်းနဲ့အတူ စာပေဗိမာန်ဆုဆိုပြီး စာပေဆုတစ်ရပ်တီထွင်ချီးမြှင့်မှုကနေ အနုပညာဆိုင်ရာစာပေဆု၊ အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆု စသဖြင့် အဆင့်ဆင့်တိုးတက်ချီးမြှင့်နိုင်ခဲ့ပြီး ၂၀၀၁ ခုနှစ်ကစပြီး အမျိုးသားစာပေတစ်သက်တာဆုကို နိုင်ငံတော်၏အမြင့်ဆုံးဆုအဖြစ် တီထွင်ချီးမြှင့်ပေးနိုင်ခဲ့ပါတယ်။ ယခုချိန်အထိ အမျိုးသားစာပေ တစ်သက်တာဆုရှင် ၃၄ ဦးထိ ရှိနေပြီဖြစ်ပါတယ်။ စာကောင်းပေမွန်တွေ၊ တိုင်းကျိုး၊ ပြည်ပြုစာတွေ အမြောက်အမြားပြုစု ထုတ်ဝေနိုင်ခဲ့သလို စာရေးဆရာများ၊ စာပေဝါသနာရှင်များကိုလည်း ပြုစုပျိုးထောင်ရာ အဓိကဌာနကြီးလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံသူ၊ နိုင်ငံသားတွေကို စာပေဗဟုသုတတွေ ပြည့်စုံလာစေဖို့၊ အသိဉာဏ်ပညာများ မြင့်မားလာစေဖို့အတွက် စာပေနဲ့ တိုင်းကျိုး၊ပြည်ပြု လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြတဲ့ ခေတ်အဆက်ဆက်က စာပေပညာရှင်များကိုလည်း အသိအမှတ်ပြု လေးစားပါကြောင်း ကျွန်တော် ပြောကြားလိုပါတယ်။ ယနေ့ အမျိုးသားစာပေဆုရှင် အများစုဟာလည်း ဒီစာပေဗိမာန်ကပဲ မွေးထုတ်ပေးခဲ့တာဖြစ်ပါတယ်။ ယခုထွန်းဖောင်ဒေးရှင်းနဲ့ ပူးပေါင်းပြီး မြန်မာ့စွယ်စုံ ကျမ်းတွဲများ ပြန်လည်တည်းဖြတ် ဖြည့်စွက်ထုတ်ဝေခြင်း ဆောင်ရွက်ခဲ့ရာမှာ ယခုဆိုရင် အတွဲ-၁(က-ကုတ်)ကို ခေတ်စနစ်နဲ့အညီ ပြန်လည်ပြင်ဆင် ထုတ်ဝေနိုင်ခဲ့ပါတယ်။

ကျွန်တော့်အနေနဲ့လည်း ငယ်စဉ်ကတည်းက စာအုပ်စာပေတွေကို ဖတ်ရှုလေ့လာ မှတ်သားတဲ့နေရာမှာ အဓိက အထောက်အကူပြုခဲ့တာက ဒီစာပေဗိမာန်ကထုတ်ဝေတဲ့ စာအုပ်၊ စာစောင်များပဲဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက စာပေဗိမာန်၊ စာကြည့်တိုက်အသင်းဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး အဲဒီခေတ်ကထုတ်ဝေခဲ့တဲ့ စာအုပ်၊ စာစောင်တွေကိုလည်း ဖတ်ရှုခဲ့ရပါတယ်။ အဲဒီကနေရရှိခဲ့တဲ့ အသိပညာဗဟုသုတတွေဟာ ယနေ့ထက်တိုင် တန်ဖိုးမဖြတ်နိုင်တဲ့ စဉ်ဆက်မပြတ်လေ့လာ သင်ယူမှုကို ဖြစ်စေခဲ့ပါတယ်။ ကျွန်တော်နဲ့ သက်တူ၊ ရွယ်တူတွေ၊ ကျွန်တော့်ထက် အသက်အရွယ်ကြီးမားသူတွေနဲ့ ငယ်ရွယ်သူတွေကလည်း စာပေဗိမာန်ရဲ့ ကျေးဇူးကြောင့် ခေတ်အမြင်၊ ခေတ်အသိ၊ တိုင်းကျိုးပြည်ပြု စာပေတွေကို ဖတ်ရှုလေ့လာခွင့်ရရှိခဲ့ကြမှာ ဖြစ်ပါတယ်။ ဒီအတွေ့အကြုံ၊ ဗဟုသုတတွေကို တိုင်းပြည်တည်ဆောက်ရေး၊ နိုင်ငံတည်ဆောက်ရေးနဲ့ အနိမ့်ဆုံးအဆင့် မိမိနဲ့ဆက်စပ်နေတဲ့ လူမှုပတ်ဝန်းကျင်ကို ကောင်းကျိုးပြု တိုးတက်စေတဲ့လုပ်ငန်းတွေအတွက် အသုံးပြုခဲ့ကြမှာ အမှန်ပဲဖြစ်ပါ တယ်။

လက်ရှိအချိန်ကာလမှာ ကျွန်တော်တို့နိုင်ငံဟာ ပြည်သူလူထုရဲ့ ဆန္ဒဖြစ်တဲ့ “စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်” ကို လျှောက်လှမ်းနေတာဖြစ်ပါတယ်။ ဒီမိုကရေစီလို့ဆိုရာမှာ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားရေးစရိုက်လက္ခဏာနဲ့ ယဉ်ကျေးမှုကို ထိခိုက်မှုမရှိစေတဲ့ ပညာရေးစနစ်မျိုး၊ လေ့လာသင်ယူနိုင်တဲ့ အခြေအနေမျိုးတွေကို ဖန်တီးဆောင်ရွက်နိုင်ဖို့လိုပါမယ်။ ဒီမိုကရေစီနိုင်ငံရေးကို သင်ကြားဖို့မဟုတ်ဘဲ ဒီမိုကရေစီ အလေ့အကျင့်ကောင်းတွေကို သင်ကြားပေး နိုင်မယ့် ကောင်းမွန်တဲ့ပညာရေးစနစ်၊ စဉ်ဆက်မပြတ် လေ့လာနိုင်တဲ့စနစ်ကို လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက် နိုင်ငံသားတိုင်း ပညာရည်ပြည့်ဝဖို့ လိုပါမယ်။ မြန်မာနိုင်ငံသား ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ပြောခဲ့တဲ့ ဒီမိုကရေစီနဲ့ပညာရေး အဆက်အစပ်ဟာ သတိပြုဖွယ် ဖြစ်ပါတယ်။ “တိုင်းပြည်အုပ်ချုပ်ရေးစနစ်များအနက် ဒီမိုကရေစီစနစ်ဟာ အခက်ခဲဆုံးဖြစ်တယ်။ ဒီမိုကရေစီအောင်မြင်ဖို့ ပြည်သူပြည်သားတွေက အသိဉာဏ်ပညာနဲ့ ဆင်ခြင်တုံတရား လုံလောက်စွာရှိရမယ်၊ ပညာရေးသည် နိုင်ငံတော်၏အခြေခံအစစ် ဖြစ်တယ်။ အသိဉာဏ်ကင်းမဲ့တဲ့နိုင်ငံမှာ ဒီမိုကရေစီစနစ်ဟာ ဗရုတ်သုတ်ခကိုသာ ဖြစ်စေလိမ့်မယ်”လို့ပြောခဲ့ဖူးတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေး ရည်မှန်းချက်နှစ်ရပ်ဖြစ်တဲ့ “ပါတီစုံဒီမိုကရေစီစနစ်” ခိုင်မာရေးနဲ့  “ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု” ကို တည်ဆောက်နိုင်ဖို့ နိုင်ငံသားတိုင်း ပညာရည်ပြည့်ဝဖို့ ဦးစားပေး ဆောင်ရွက်ရပါမယ်။ စစ်ဘေး၊ စစ်ဒဏ်ကြောင့် ပညာရေးအားနည်းခဲ့ရတဲ့ ကျွန်တော်တို့နိုင်ငံသူ၊ နိုင်ငံသားများအတွက် “အ”သုံးလုံးလှုပ်ရှားမှု ဆိုတဲ့ စာတတ်မြောက်ရေးလှုပ်ရှားမှုကို အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ကြပါတယ်။ သို့သော် နိုင်ငံတော်ရဲ့ အနာဂတ်ဟာ စာတတ်ရုံနဲ့မပြည့်စုံသေးပါဘူး။ စာဖတ်ဖို့နဲ့ စဉ်ဆက်မပြတ် လေ့လာဖို့လည်း လိုအပ်ပါတယ်။ ဒါတွေ လုပ်နိုင်ဖို့ အခြေခံအဆောက်အဦ (Infrastructure) တွေ လိုပါတယ်။ စာသင်ကျောင်းတွေ၊ စာသင်ဌာနတွေက စပြီး စာအုပ်၊စာပေထုတ်ဝေသူ အဖွဲ့အစည်းတွေ၊ ပြုစုသူ စာရေးဆရာတွေ၊ သုတေသီတွေ၊ စာကြည့်တိုက်တွေ၊ လှုံ့ဆော်သူတွေ စသဖြင့်လိုအပ်ပါတယ်။ ဒီအခြေခံ အဆောက်အဦတွေဟာလည်း မိမိတို့တိုင်းပြည်၊ မိမိတို့လူမျိုး၊ မိမိစာပေနဲ့ ယဉ်ကျေးမှုတွေအပေါ်မှာ သန့်စင်မြင့်မြတ်တဲ့ စိတ်ထားရှိဖို့လိုပါတယ်။ အယူဝါဒမှိုင်း ကင်းစင်တဲ့ အသိပညာဗဟုသုတတွေကို ဖြန့်ဖြူးပေးရပါလိမ့်မယ်။ အဆိပ်အတောက်ကင်းစင်တဲ့ စာပေတွေဖြစ်ဖို့လိုပါတယ်။ ၂၀၁၁ ခုနှစ် နောက်ပိုင်း၊ အထူးသဖြင့် ၂၀၁၅ ခုနှစ် နောက်ပိုင်းမှာ ထုတ်ဝေခဲ့တဲ့ အချို့သောစာအုပ်စာပေတွေ၊ စာပေဟောပြောပွဲအမည်ခံ ပြောဆိုမှုတွေဟာ ဒီမိုကရေစီစနစ်ထူထောင်စ ကျွန်တော်နိုင်ငံအတွက် ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့၊ စိတ်ဝမ်းကွဲပြားမှုများပြားတဲ့ လူမှုအဖွဲ့အစည်း (Highly Divided Society) တွေကို ဦးတည်သွားစေခဲ့တာကိုလည်း မြင်တွေ့နိုင်ပါလိမ့်မယ်။ ဒါတွေထပ်မဖြစ်ဖို့ ကျွန်တော်တို့ ဆင်ခြင်ရပါလိမ့်မယ်။

၂၀၁၉ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ ရှေ့ပြေးသန်းခေါင်စာရင်းအရ ကျွန်တော်တို့နိုင်ငံ လူဦးရေရဲ့ သုံးပုံတစ်ပုံခန့်ဟာ ပညာရေးအားနည်းနေတာ တွေ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ပညာရည်မြှင့်တင်ရေးကို ဦးစားပေးဆောင်ရွက်နေပါတယ်။ အခြေခံဥပဒေမှာ နိုင်ငံသားတိုင်း အခြေခံပညာ မူလတန်းအဆင့် ပညာသင်ကြားနိုင်ရေးကို ဆောင်ရွက်ရမည်လို့ ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ ရည်မှန်းချက်ထက်ကျော်လွန်ပြီး နိုင်ငံသားတိုင်း KG+9 အဆင့် (အခြေခံပညာအလယ်တန်းအဆင့်) ရောက်ရှိစေရေး ဆောင်ရွက်လျက်ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့က နိုင်ငံ့အနာဂတ်၊ ဒီမိုကရေစီစနစ်ရဲ့ အနာဂတ်ကို အခြေခံကျကျ တည်ဆောက်နေတာဖြစ်ပါတယ်။ နိုင်ငံသားတိုင်း ပညာရည်မြင့်မားခြင်းနဲ့ အနာဂတ်တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်တွေကို တိုင်းရင်းသား ပြည်သူအားလုံး ခံစားရမှာဖြစ်ပါတယ်။ စာတတ်သူတိုင်း စာဖတ်လာအောင်၊ စာဖတ်သူတိုင်း ကောင်းမွန်မှန်ကန်တဲ့ အသိပညာ ဗဟုသုတတွေရလာအောင်၊ တိုင်းကျိုး၊ ပြည်ပြုစိတ်တွေ ကိန်းအောင်းလာအောင် ကျွန်တော်တို့ ဆောင်ရွက်ကြရပါမယ်။

ဒီလို “ပညာပြည့်ဝ နှလုံးလှတဲ့” လူ့အဖွဲ့အစည်းနဲ့နိုင်ငံတော်ကို တည်ဆောက်ရာမှာ စာပေဗိမာန်အနေနဲ့ အတိတ်ကာလမှာ ထိထိရောက်ရောက် ဆောင်ရွက်ခဲ့သလို ယခုပစ္စုပ္ပန်ကာလနဲ့ အနာဂတ်ကာလတွေမှာလည်း ပါဝင်နိုင်အောင်ဆောင်ရွက်ကြရပါမယ်။ စာပေဗိမာန်ကြီးက ယခုလိုဆောင်ရွက်နေခြင်းဟာ အမျိုးသားရေးတာဝန် တစ်ရပ်ကို စာပေစွမ်းအားဖြင့် မြှင့်တင်နေခြင်းပဲ ဖြစ်ပါတယ်။ စာပေဗိမာန်ကထုတ်ဝေတဲ့ စာကောင်းပေမွန်များ၊ သုတ၊ ရသစာပေများကို ဖတ်ရှုခြင်းဖြင့် အသိပညာ၊ အတတ်ပညာနဲ့ ဗဟုသုတ များပြည့်စုံတဲ့ အမျိုးသားယဉ်ကျေးမှု  စရိုက်လက္ခဏာများ၊ အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်လာပြီး မိမိယဉ်ကျေးမှု ဘာသာဓလေ့ထုံးစံတွေကို တန်ဖိုးထားမြတ်နိုးတတ်တဲ့၊ အလေ့အထကောင်းများရှိလာမယ့် စာတတ်ပေတတ် အနာဂတ်မျိုးဆက်သစ်လူငယ်များ တိုးပွားလာစေမှာ ဖြစ်ပါတယ်။ ဒီလို စာတတ်ပေတတ် ပညာရည်မြင့်မားတဲ့ မျိုးဆက်များပေါ်ထွန်းလာမှသာ နိုင်ငံတော်ရဲ့အနာဂတ်ပုံရိပ် ပိုမိုလှပလာမှာ ဖြစ်ပါတယ်။

အမှောင်ခွင်း၍ အလင်းဆောင်အံ့”ဆိုတဲ့ စာပေဗိမာန်ရဲ့ ဆောင်ပုဒ်နဲ့အညီ စာပေဗိမာန်က ထုတ်ဝေတဲ့ စာပေ၊စာကောင်းများဟာ အမျိုးသားရေးကို ထိခိုက်စေနိုင်တဲ့ “ဝါဒမှိုင်း၊ စာပေမှိုင်း” များမပါဘဲ ၃၈ ဖြာ မင်္ဂလာတရားတော်နဲ့အညီ ကျင့်ကြံနေထိုင်တတ်တဲ့ ခေတ်အမြင်၊ ခေတ်အတွေးနဲ့ ပညာဗဟုသုတပြည့်စုံတဲ့ နိုင်ငံ့သားကောင်း၊ သမီးရတနာများ တိုးပွားလာရေးကို ရည်ရွယ်ပြီး ထုတ်ဝေခဲ့ခြင်းဖြစ်ပါတယ်။ ပညာတတ်လူရည်ချွန်၊ လူရည်မွန်များ တိုးပွားလာမှသာ ဒီမိုကရေစီ စံနှုန်းများနဲ့ အနှစ်သာရကို ကောင်းစွာသဘောပေါက်နားလည်ပြီး မြန်မာ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်ရှေးရှုတဲ့ လူ့ဘောင်သစ် အဖွဲ့အစည်း ပေါ်ပေါက်လာမှာလည်း ဖြစ်ပါတယ်။ စာပေဗိမာန်ကြီးက ဒီလိုတိုင်းကျိုး၊ပြည်ပြုလုပ်ငန်းတွေကို ဆောင်ရွက်တဲ့ နေရာမှာ ၇၅ နှစ်တာကာလအတွင်း စာပေဗိမာန်မှာ ဦးဆွေးဆံမြည့် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အရာထမ်း၊ အမှုထမ်းတွေ အားလုံးကိုလည်း ဂုဏ်ပြု၊ အသိအမှတ်ပြုပါကြောင်းကိုလည်း အလေးထား ပြောကြားလိုပါတယ်။

နိဂုံးချုပ်အနေနဲ့

ကျွန်တော်တို့အစိုးရအနေနဲ့ “ရှေ့သို့ချီမည် ပန်းတိုင်ဆီ (Keep Moving Forward to Achieve Our Goal) ဆိုတဲ့ ဆောင်ပုဒ်အတိုင်း နိုင်ငံအကျိုး၊ တိုင်းရင်းသား ပြည်သူအကျိုးကိုရှေးရှုပြီး ပိုမိုကောင်းမွန်တဲ့ နိုင်ငံတော်နဲ့ လူမှုစီးပွားဘဝတွေကိုတည်ဆောက်ရာမှာ စာပေဗိမာန်သည်လည်း စာပေအားဖြင့် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နေတယ်ဆိုတာ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။

ဒီစာပေဗိမာန်ကြီးဟာ အမျိုးသားရေးကြိုးပမ်းမှုကာလ တစ်လျှောက်လုံးမှာ စဉ်ဆက်မပြတ် စာပေလုပ်ငန်းများနဲ့ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့တာဟာဆိုရင် ယခုဆို စိန်ရတုကာလတိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း နိုင်ငံတော်တည်ဆောက်ရေး၊ တိုင်းပြည်တိုးတက်ရေး၊ စာကောင်းပေမွန်များ တိုးပွားထုတ်လုပ်နိုင်ရေး လုပ်ငန်းတွေကို ယခုထက်မက ဆောင်ရွက်နိုင်ပြီး ယခုကျရောက်တဲ့ စာပေဗိမာန်ရဲ့ ၇၅ နှစ်မြောက် စိန်ရတုအထိမ်းအမှတ်မှသည် နောင်နှစ်ပေါင်း များစွာတိုင်တည်တံ့ပါစေကြောင်း၊ နိုင်ငံတည်ဆောက်ရေး၊ တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းတွေမှာ ကျရာကဏ္ဍက စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။