Skip to main content

အစားအစာဘေးကင်းလုံခြုံမှုဆိုင်ရာ စံချိန်စံညွှန်းကိုက်ညီသည့် ကုန်စည်များထုတ်လုပ်

မြန်မာနိုင်ငံ၏ အဓိကပြည်ပပို့ကုန်များတွင် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ ငရုတ်၊ ကြက်သွန်နှင့် သရက်၊ ဖရဲ၊ သခွားမွှေး၊ ငှက်ပျောအစရှိသော စိုက်ပျိုးရေးထွက်ကုန်များ၊ ရေထွက်ကုန်ပစ္စည်းများနှင့် တိရစ္ဆာန်ထွက် ပစ္စည်းများတို့ဖြစ်ပြီး နိုင်ငံခြားဝင်ငွေအများဆုံး ရှာဖွေပေးနေသည့် ကဏ္ဍဖြစ်သည်။ လယ်ယာနှင့် ဥယျာဉ်ခြံထွက် စိုက်ပျိုးရေးထုတ်ကုန်များ ပြည်ပသို့တင်ပို့ရာတွင် ပိုးသတ်ဆေးအပါအဝင် ဓာတုဓာတ်ကြွင်းများ မပါရှိစေရေးအတွက် အသိပညာပေး တိုက်တွန်းဆော်ဩလျက်ရှိရာ စိုက်ကွင်းမှသည် ဈေးကွက်သို့ ရောက်ရှိသည်အထိ အဆင့်တိုင်းတွင် အလေးအနက်ထား ဆောင်ရွက်ကြရမည်ဖြစ်သည်။

မျက်မှောက်ကာလ နိုင်ငံတိုင်းက မိမိတို့နိုင်ငံသူ နိုင်ငံသားများ အစားအစာ ဘေးကင်းလုံခြုံရေးအတွက် ဥပဒေများပြဋ္ဌာန်း ဆောင်ရွက်လျက်ရှိကြပြီး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကုန်သွယ်ရာတွင်လည်း ကုန်စည်အမျိုးအမည်များအလိုက် စံချိန်စံညွှန်းများ သတ်မှတ်၍ စံချိန်စံညွှန်းနှင့် ကိုက်ညီမှသာ ကုန်သွယ်မှုပြုလုပ်နိုင်သည့် အကန့်အသတ်များ ချမှတ်ထားကြသည်။ အဓိကအားဖြင့် အစားအစာအဖြစ် တင်သွင်းလာသော ကုန်စည်များမှတစ်ဆင့် နိုင်ငံအတွင်းရှိ လူ၊ တိရစ္ဆာန်နှင့်အပင်များသို့ ကပ်ရောဂါများ၊ အဆိပ်အတောက်များနှင့် ကူးစက်ရောဂါများ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ချမှတ်ထားခြင်းဖြစ်ပြီး ကုန်ပစ္စည်းများ တင်ပို့ရာတွင် ကုန်ပစ္စည်းနမူနာနှင့်တကွ သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီကြောင်း အထောက်အထားများ၊ အစားအစာ ဘေးကင်းလုံခြုံမှုဆိုင်ရာ စစ်ဆေးမှု သက်သေခံချက်များကိုပါ တင်သွင်းအစစ်ဆေးခံကြရခြင်းဖြစ်သည်။

စိုက်ပျိုးရေးထွက်ကုန်များ၊ ဥယျာဉ်ခြံထွက် သစ်သီးဝလံများ အပါအဝင် အစားအစာအဖြစ် ပြည်ပသို့ တင်ပို့မည့် ကုန်ပစ္စည်းများကို စိုက်ပျိုးချိန်တွင် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး စသည့် ဓာတုပစ္စည်းများ စနစ်တကျသုံးစွဲခြင်း၊ ရိတ်သိမ်းခူးဆွတ်ချိန်တွင် စနစ်တကျ ဖုန်၊ ခဲ၊ သဲ ကင်းစင်သန့်ရှင်းစွာ ကိုင်တွယ်ထုပ်ပိုးခြင်း၊ သိုလှောင်ရုံများတွင်လည်း ပိုးမွှား၊ ကြွက်၊ အစိုပျံမှုနှင့် မှို အစရှိသည်တို့၏ အန္တရာယ်ကင်းဝေးအောင် စနစ်တကျ သိုလှောင်ခြင်း စသည်ဖြင့် အဆင့်တိုင်းတွင် ပါဝင်သူတိုင်းက သတိပြုလိုက်နာ ဆောင်ရွက်ကြရန်လိုသည်။ မိမိတို့၏ တင်ပို့ကုန်များတွင် ဓာတုဗေဒ ဓာတ်ကြွင်းများ မြင့်မားစွာပါဝင်နေခြင်း၊ အစိုဓာတ်၊ မှိုဆိပ်နှင့် ရောဂါပိုးမွှားများ ပါဝင်နေခြင်း စသည့် အရည်အသွေးဆိုင်ရာ ပြဿနာတစ်စုံတစ်ရာ ပါရှိနေမည်ဆိုပါက ဈေးကွက်ကို လက်လွှတ်ဆုံးရှုံးကြရမည်ဖြစ်သည်။ ယခင်က ကုန်ပစ္စည်းအရည်အသွေးနှင့် စပ်လျဉ်း၍ တင်းတင်းကျပ်ကျပ် မရှိသော အိမ်နီးချင်း ဈေးကွက်ကြီးဖြစ်သည့် တရုတ်နိုင်ငံသည်ပင် စံချိန်စံညွှန်းများ သတ်မှတ်လာပြီဖြစ်ရာ မိမိတို့၏ ကုန်စည်များ အဆင့်အတန်းမီ၊ စံချိန်စံညွှန်းကိုက်ညီရေးအတွက် တောင်သူများ၊ ကုန်သည်များနှင့် ပို့ကုန်လုပ်ငန်းရှင်များအားလုံးက ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်သည်။

စိုက်ပျိုးရေးထုတ်ကုန်များ၊ မွေးမြူရေးနှင့် ရေထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ကုန်များကို ဘေးကင်းလုံခြုံရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် ဌာနဆိုင်ရာများက အသိပညာ၊ နည်းပညာပိုင်း ကူညီပံ့ပိုးပေးရန် လိုအပ်သကဲ့သို့ လုပ်ငန်းရှင်များနှင့် အဆင့်တိုင်းတွင်ပါဝင်‌ ဆောင်ရွက်လျက်ရှိကြသည့် လုပ်သားများ၏ ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ကြောင်းနှင့် အရည်အသွေးပြည့်မီ၊ စံချိန်ကိုက်ညီသည့် ကုန်စည်များ ထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်ပဈေးကွက်တွင် မျက်နှာပန်းလှနိုင်မည် ဖြစ်ပါကြောင်း။         ။