ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါ သံသယရှိသူများ၊ ဓာတ်ခွဲအတည်ပြု လူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများ၊ အသွားအလာကန့်သတ် ထားသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်းကို နေ့စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိရာ သြဂုတ်လ ၃၁ ရက်နေ့ ည ၈ နာရီ သတင်းထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၀၄ ဦးတွေ့ရှိခဲ့ပြီး ထိုနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ၁ ဒသမ ၁၁ ရာခိုင်နှုန်းရှိကာ ရောဂါကူးစက်မှု တစ်ရာခိုင်နှုန်း ကျော်လွန်ခဲ့ပြီဖြစ်သည်။
ထိုနေ့က စိစစ်တွေ့ရှိခဲ့သော ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၀၄ ဦးအနက် ပြည်ပမှပြန်လည်ဝင်ရောက်လာသူများမှ ရှစ်ဦးတွေ့ရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၇ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။ ကျန် ၉၆ ဦး၊ ၉၂ ဒသမ ၃ ရာခိုင်နှုန်းမှာ ပြည်တွင်း၌ ကူးစက်ဖြစ်ပွားခဲ့သူများ ဖြစ်နေသည်ကို တွေ့ရသည်။ ယခုနှစ်အစောပိုင်းတွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုမှာ သိသာစွာ လျော့ကျလာခဲ့ပြီး ရောဂါတွေ့ရှိမှု သုညဒသမအောက်ဖြင့် ဆယ်ဂဏန်းမျှသာ တွေ့ရှိခဲ့ရသည်။ ထို့နောက် ယခုရက်ပိုင်းကာလများတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုနှုန်းမှာ တစ်နေ့ထက်တစ်နေ့ တိုးတက်လာခဲ့ပြီး ယခုကဲ့သို့ တစ်ရာခိုင်နှုန်းအထက် ရောက်ရှိလာပြီဖြစ်ရာ ကိုဗစ်-၁၉ ရောဂါကို မပေါ့ဆဘဲ အထူးသတိပြု ကြရမည်ဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးတွင် ဆေးထိုးနှံမှုခံယူခြင်းကို အထူးဂရုပြု ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုအပ်ပါသည်။
ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ ကမ္ဘာပေါ်တွင် လျော့ကျသွားခြင်းမရှိဘဲ နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများတွင် ရောဂါကူးစက်ဖြစ်ပွားမှုများ မြင့်တက်လျက် ရှိသည်ကို တွေ့ရပါသည်။ ဥရောပ၊ အမေရိကတွင် ကိုဗစ်-၁၉ ရောဂါအပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အထူးသတိပေးထားသည့် မျောက်ကျောက် ကူးစက်ရောဂါလည်း ပျံ့နှံ့ဖြစ်ပွားလျက်ရှိပြီး အာရှနိုင်ငံအချို့သို့ပါ ရောက်ရှိလာသည်ကို တွေ့ရသည်။ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါသည် ဗီဇမျိုးကွဲအမျိုးမျိုးဖြင့် အသွင်ပြောင်း၍ ကူးစက်မှုမြန်စွာ ဖြစ်ပွားလျက်ရှိသဖြင့် ရောဂါကူးစက်မှုများ မြင့်တက်နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါမျိုးကွဲများကို ပြည်ပမှ ဝင်ရောက်လာသူများနှင့် ပြည်တွင်း၌ ကူးစက်ခံရသူများတွင် တွေ့ရှိနေရပြီး ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါ ပြည်တွင်း၌ အစုလိုက်ကူးစက်မှုများ ဖြစ်ပွားနေသည်ကို လေ့လာကြည့်ရှု သတိပြုကြရမည်ဖြစ်သည်။ ယခုဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါသည် ကူးစက်မှုမြန်ဆန်သော်လည်း ရောဂါကြောင့် သေဆုံးသူ အလွန်နည်းပါးပြီး မိမိတို့ပတ်ဝန်းကျင်တွင် ရောဂါဖြစ်ပွားနေသူများ မတွေ့ရှိရ၍ ပေါ့ပေါ့ဆဆ နေထိုင်သွားလာနေ၍ မဖြစ်ပေ။ မည်သည့်ရောဂါမဆို ရောဂါဖြစ်ပွားပါက အနည်းနှင့်အများ ရောဂါဝေဒနာများခံစားရပြီး အလုပ်ပျက် အကိုင်ပျက်နှင့် ငွေကုန်ကြေးကျ ဒုက္ခအခက်အခဲများ ရောက်ရှိနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု မြင့်မားလာမှုကြောင့် မိမိတို့အား မကူးစက်စေဘဲ ရောဂါလျော့ကျစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများကို တိကျစွာ လိုက်နာကြရန် လိုအပ်သည့်အပြင် ကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် ရောဂါဖြစ်ပွားမှု၊ ပြင်းထန်မှု၊ သေဆုံးမှုတို့ကို လျှော့ချပေးနိုင်သဖြင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေးကို ပြည်သူများအနေဖြင့် မပျက်မကွက် ထိုးနှံကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။