Skip to main content

လူမှုစီးပွားမြင့်မားရေး တက်ညီလက်ညီကြိုးပမ်း

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည်။ ယခင်ကဖွံ့ဖြိုးမှုနိမ့်ကျသည့်နိုင်ငံအဖြစ်မှ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်လာသည်။ မြန်မာနိုင်ငံ၏ အခြေအနေများအရ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများနှင့်တန်းတူ မရပ်တည်နိုင်သေးသော်လည်း သင့်တင့်လျောက်ပတ်စွာ နေထိုင်နိုင်သောနိုင်ငံဖြစ်သည်။ မျက်မှောက်ကာလ၌ ပြည်သူများ၏ လူမှုစီးပွားဘဝများတွင် စိန်ခေါ်မှုများ၊ အခက်အခဲများရှိနေသဖြင့် ပြေလည်အောင် ကြိုးပမ်းဆောင်ရွက်နေသည်။

ယနေ့ကာလ ပြည်သူများရင်ဆိုင်ကြုံတွေ့နေကြသည့် အခက်အခဲများမှာ အစစအရာရာတွင် အစဉ်အမြဲတက်ဈေးများနှင့် ရင်ဆိုင်ကြုံတွေ့နေရခြင်းဖြစ်သည်။ ဈေးနှုန်းများတက်နေရခြင်း အဓိကအကြောင်းရင်းမှာ နိုင်ငံခြားငွေတန်ဖိုး မြင့်တက်လာခြင်းကြောင့် အထွေထွေကုန်စည် ဈေးနှုန်းများပါ လိုက်ပါမြင့်တက်လာခြင်းဖြစ်သည်။ စိန်ခေါ်မှုနှင့်ကြုံတွေ့ရသည့် အဓိကကုန်စည်မှာ စက်သုံးဆီဟုဆိုချင်သည်။ နိုင်ငံခြားငွေတန်ဖိုးမြင့်တက်မှုနှင့်အတူ စက်သုံးဆီဈေးနှုန်းလည်း လိုက်ပါမြင့်တက်လာသည်။ နိုင်ငံခြားငွေတန်ဖိုးတက်လျှင် စက်သုံးဆီဈေးနှုန်းတက်ပြီး နိုင်ငံခြားငွေတန်ဖိုးကျလျှင် စက်သုံးဆီဈေးနှုန်းကျသည်။

နိုင်ငံခြားငွေ တန်ဖိုးကျလျှင်ဖြစ်စေ၊ စက်သုံးဆီဈေးနှုန်းကျလျှင်ဖြစ်စေ စားသောက်ကုန်၊ လူသုံးကုန်ဈေးနှုန်းများမှာ ပြန်လည်ကျဆင်းလာခြင်းမရှိပေ။ ဈေးနှုန်းများပြန်ကျမလာခြင်းကို ဆန်းစစ်ကြည့်လျှင် လုပ်ငန်းရှင် (အချို့သမာ အာဇီဝနှင့် စားသုံးသူပြည်သူများအား စာနာထောက်ထားသည့် လုပ်ငန်းရှင်များမပါ) အများစုသည် အမြတ်အစွန်းများများရပြီး ကိုယ်ကျိုးစီးပွားဖြစ်ထွန်းမှုကို ဦးစားပေးနေသောကြောင့်ဖြစ်သည်။ ထိုအခါ ပြည်သူများမှာ တစ်နေ့ထက်တစ်နေ့ခက်ခဲပြီး ဝယ်ယူသုံးစွဲမှုများကို လျှော့ချလာကြမည်ဖြစ်သည်။ ထိုအခါ လုပ်ငန်းရှင်များလည်း ရောင်းအားကျကာ စီးပွားရေးထိခိုက်မည်ဖြစ်သည်။ စားသုံးသူ၊ ရောင်းချသူတို့သည် အပြန်အလှန် အမှီသဟဲပြုနေသည်ကို သတိပြုရမည်ဖြစ်သည်။

အဓိကမှာ ပြည်ပသွင်းကုန်များဖြစ်လျှင် နိုင်ငံငွေတန်ဖိုးအပေါ်မူတည်ပြီး ပြည်တွင်းကုန်ပစ္စည်းများဖြစ်လျှင် စက်သုံးဆီအပေါ်တွင် မူတည်နေသည်။ လုပ်ငန်း ရှင်များအနေဖြင့် အများပြည်သူတို့အပေါ် မေတ္တာစေတနာထား၍ နိုင်ငံခြားငွေ တန်ဖိုးတက်လျှင် သွင်းကုန်ပစ္စည်းအပေါ် ထိုက်သင့်လျောက်ပတ်သည့် ဈေးနှုန်းတင်ပြီး နိုင်ငံခြားငွေတန်ဖိုးကျလျှင် သင့်တင့်လျောက်ပတ်စွာ ရောင်းချပေးဖို့လိုပေသည်။ စက်သုံးဆီအပေါ်အခြေခံသည့် ကုန်စည်များနှင့်ပတ်သက်၍လည်း အလားတူဖြစ်သည်။ “မလှူတတ်လျှင် ဈေးရောင်း ဆိုသကဲ့သို့ လှူဒါန်းမှုကုသိုလ်ကို မွန်မြတ်သောစိတ်ထားဖြင့် ရောင်းဝယ်ဖောက်ကားခြင်းဖြင့် ရယူနိုင်ပေသည်။

အမှန်တကယ်တွင် နိုင်ငံခြားငွေ၊ စက်သုံးဆီစသည်တို့ ဈေးနှုန်းများ ကြီးမြင့်နေခြင်းသည် မြန်မာတစ်နိုင်ငံတည်း ဖြစ်နေခြင်းမဟုတ်ပေ။ ကမ္ဘာ့နိုင်ငံအများစုမှာလည်း မြန်မာနိုင်ငံနည်းတူ ရင်ဆိုင်ကြုံတွေ့နေရပေသည်။ စက်သုံးဆီ၊ စားသုံးကုန်ပစ္စည်းများမှာ ပြည်ပတွင် မြန်မာနိုင်ငံထက် အဆမတန်ဈေးကြီးပေသည်။ ကုန်ပစ္စည်းဈေးနှုန်းများမှာ မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများထက် ဈေးနှုန်းသက်သာသည်။ မြန်မာနိုင်ငံ၏ အနေအထားမှာ နိုင်ငံဖွံ့ဖြိုးမှု လိုအပ်ချက်များ ရှိနေသောကြောင့် တစ်ဦးချင်းဝင်ငွေတန်ဖိုး နည်းပါးနေခြင်းဖြစ်သည်။ အရေးပါသည့်နောက်တစ်ချက်မှာ ပြည်တွင်းထုတ်ကုန်ပစ္စည်းများကို အရည်အသွေးပြည့်ဝ စွာဖြင့် တိုးတက်ထုတ်လုပ်နိုင်လျှင် ပြည်တွင်း၌ လောက်ငဖူလုံပိုလျှံပြီး ပြည်ပသို့ပါ တင်ပို့နိုင်သဖြင့် ဝင်ငွေတိုးကာ လူမှုစီးပွားအခွင့်အလမ်း ပွင့်လန်းလာမည်ဖြစ်သည်။

လက်ရှိအခြေအနေကို မှန်မှန်ကန်ကန် ဆင်ခြင်သုံးသပ်ခြင်းမရှိဘဲ အစိုးရကိုသာ အပြစ်ပုံချနေသူများရှိသည်။ တိုင်းပြည်တစ်ပြည်တွင် အရေးအကြီးဆုံးမှာ စီးပွားရေးတိုးတက် ကောင်းမွန်လာရန်လိုအပ်သည်။ စီးပွားရေးကောင်းမွန်ပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာပြီး ပြည်သူတစ်ဦးချင်းစီ၏ဝင်ငွေလည်း မြင့်မားတိုးတက်လာကာ အစစအရာရာ အဆင်ပြေလာမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေသဖြင့် စီးပွားရေးတွင် အစိုးရက အစစအရာရာ ထိန်းချုပ်နေမည်မဟုတ်ပေ။ အစိုးရအနေဖြင့် အရေးကြီးသည့်ကိစ္စများတွင်သာ ပါဝင်ဆောင်ရွက်ပေးပြီး ကိစ္စတိုင်းကို အစိုးရဖြေရှင်းနိုင်မည် မဟုတ်ပေ။ စီးပွားရေးတွင် လုပ်ငန်းရှင်နှင့် စားသုံးသူပြည်သူများ ကလည်း အသိတရားဖြင့် ပါဝင်ဆောင်ရွက်ကြပါမှ အခက်အခဲများ ပြေလည်လာမည်ဖြစ်သည်။

သို့ဖြစ်ရာ စီးပွားရေးပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက အရေးကြီးသော လုပ်သင့်လုပ်ထိုက်သည်များကို အလေးထားဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူများအနေဖြင့် ခြိုးခြံချွေတာခြင်း၊ ထုတ်ကုန်ပစ္စည်းများကို အရည်အသွေးမီစွာ ကြိုးစားထုတ်လုပ်ခြင်း၊ လုပ်ငန်းရှင်များအနေဖြင့် ပြည်သူများအပေါ် စေတနာထားပြီး သမာအာဇီဝကျစွာ ရောင်းဝယ် ဖောက်ကားခြင်းစသည်ဖြင့် အဘက်ဘက်တွင် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြပါက ပြည်သူများကြုံတွေ့နေသည့် အခက်အခဲများပြေလည်လာပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ကာ အစစအရာရာတွင် အဆင်ပြေလာမည်ဖြစ်ပါကြောင်း။ ။