Skip to main content

ပြည်သူများအတွက် စားနပ်ရိက္ခာဖူလုံ

မြန်မာနိုင်ငံ၏ လူဦးရေသည် နှစ်စဉ် တိုးတက်လျက် ရှိသည်။ လူဦးရေ တိုးလာသော်လည်း စားနပ်ရိက္ခာ အတွက် ပူပန်ဖွယ်မရှိပေ။ မြန်မာနိုင်ငံသည် ဆန်စပါးကို အဓိကစိုက်ပျိုးပြီး စားသုံးသည့်နိုင်ငံ ဖြစ်သည်။ နိုင်ငံသားများသည် တစ်နှစ်လျှင် ဆန်စားသုံးမှု ၁၅၅ ကီလိုဂရမ်(၉၇ ပြည်ခန့်) စားသုံးမှုရှိသဖြင့် မြန်မာနိုင်ငံ၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု အထွက်နှုန်းနှင့် လုံလောက်မှု ရှိသည်။

မြန်မာနိုင်ငံတွင် ယမန်နှစ်က မိုးစပါးစိုက်ဧက ၁၅ သန်းခန့်ရှိပြီး စပါးအထွက် တင်းသန်းပေါင်း ၁၀၈၈ ရှိသည်။ နွေစပါး စိုက်ဧက နှစ်သန်းရှိပြီး စပါးတင်းသန်းပေါင်း ၂၁၃ သန်း ထွက်ရှိခဲ့သည်။ ထို့ကြောင့် စုစုပေါင်း စပါးတင်းသန်းပေါင်း ၁၃၀၁ သန်း (ဆန်တန်ချိန် ၁၃ ဒသမ ၀၁ သန်း) ထွက်ရှိသည်။ ထွက်ရှိသော စပါးများအပေါ် မျိုး၊ အလေအလွင့် နုတ်ပယ်၍ အသားတင် ပိုလျှံမှုပမာဏမှာ ဆန်တန်ချိန် ၁၂ ဒသမ ၂၈၂ သန်းခန့် ဖြစ်သည်။ ပြည်တွင်းရှိ လူဦးရေ ၅၅ သန်း စားသုံးရန် လိုအပ်ချက်မှာ ဆန်တန်ချိန် ၉ ဒသမ ၄၀၂ သန်းဖြစ်သည့်အတွက် ပိုလျှံသည့် ဆန်တန်ချိန် ပမာဏ ၂ ဒသမ ၈၈ သန်းခန့်ကို ပြည်ပသို့ တင်ပို့နိုင်ခဲ့သည်။

၂၀၂၂ ခုနှစ် သြဂုတ်လကုန်အထိ ပြည်ပသို့ ဆန်တင်ပို့နိုင်မှု ပမာဏမှာ တန်ချိန် ၁ ဒသမ ၃၃၈ သန်းနှင့် ဆန်ကွဲတန်ချိန် သုည ဒသမ ၈၀၈ သန်းဖြစ်ပြီး ၂၀၂၂ ခုနှစ် သြဂုတ်လကုန်တွင် ပြည်တွင်း၌ လက်ကျန် ဆန်တန်ချိန် ၃ ဒသမ ၆၃၅ သန်းခန့် ရှိသည်။ ယခု စက်တင်ဘာလမှ နှစ်ကုန်အထိ ‌လေးလစာ ပြည်တွင်းစားသုံးရန် ဆန်လိုအပ်ချက်မှာ ၃ ဒသမ ၁၃၄ သန်းဖြစ်၍ ပြည်တွင်း လုံလောက်မှု ရှိသည်။ ယခုစက်တင်ဘာလကုန်တွင် မိုးရာသီစိုက်ပျိုးသည့် မိုးစပါးစိုက်ဧက ၁၅ သန်းမှ ဆန်စပါး စတင်ပေါ်ထွက်လာမည်ဖြစ်၍ ဆန်ကိုပြည်ပသို့ ပုံမှန်အတိုင်း ဆက်လက် တင်ပို့ရောင်းချနိုင်သည့်အပြင် ပြည်တွင်း စားသုံးမှုအတွက်လည်း စိုးရိမ်စရာမရှိပေ။

မြန်မာနိုင်ငံတွင် တိုင်းပြည်၏ အဓိကသီးနှံဖြစ်သည့် စပါးတစ်ဧက အထွက်နှုန်း ကောင်းမွန်ရေး အတွက် ဆောင်ရွက်လျက် ရှိသည်။ လာမည့်စိုက်ပျိုးရာသီတွင် နွေစပါး၊ ပဲ၊ ပြောင်း၊ ဆီထွက် သီးနှံများကို လယ်ယာအကျိုးတူ ပူးပေါင်းဆောင်ရွက်မှု စနစ်ဖြင့် တစ်နိုင်ငံလုံးတွင် စိုက်ပျိုးနိုင်ရန် အတွက် စီမံ ဆောင်ရွက်လျက် ရှိသည်။ လာမည့်ရာသီမှစ၍ နွေစပါးဧက ၈ ဒသမ ၅ သိန်းနှင့် ပဲတီစိမ်းဧက ငါးသိန်းကို အကျိုးတူလယ်ယာစနစ်ဖြင့် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေ ကျပ်ဘီလီယံ ၄၀၀ အနက်မှ ငွေကျပ်ဘီလီယံ၂၃၀ မတည်ပေးထားပြီး ဖြစ်သည်။

ထို့အပြင် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွား မြှင့်တင်နိုင်ရန် ပူးပေါင်းပါဝင် ဆည်မြောင်း စနစ်ကို အကောင်အထည် ဖော်လျက်ရှိရာ တောင်သူဦးကြီးများ ကိုယ်တိုင် ပါဝင်စီမံပြီး စုပေါင်း အင်အားများဖြင့် တစ်နိုင်ငံလုံး ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နိုင်ရေးနှင့် မိမိအကျိုး၊ နိုင်ငံတော် အကျိုးကို မျှော်ကိုးပြီး သာယာဝပြော၍ စားရေရိက္ခာ ပြည့်စုံကြွယ်ဝသည့် နိုင်ငံတော် အဖြစ်ရပ်တည်နိုင်အောင် နိုင်ငံတော် အစိုးရ၏ ဦးဆောင် စီမံဆောင်ရွက် ပေးမှုဖြင့် တက်ညီလက်ညီ ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။ လယ်ယာ စိုက်ပျိုးရေးကဏ္ဍ မြင့်မား တိုးတက်လာရေးအတွက် သက်ဆိုင်ရာ ဌာနများက ဝိုင်းဝန်းမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် စိုက်ပျိုးထွက်ကုန်များ ရောင်းဝယ် ဖောက်ကားရေး၊ ပြည်တွင်းစားသုံးမှု ဖူလုံရေးအတွက် ဆောင်ရွက်ပေးလျက် ရှိသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံသည် နှစ်စဉ်ဆန်စပါးအထွက် ကောင်းမွန်လျက်ရှိပြီး ပြည်တွင်း စားသုံးမှု လောက်င ဖူလုံသည်။ ဆန်ကို ပြည်ပသို့ တင်ပို့ရာတွင် ပြည်တွင်း ဖူလုံမှသာ အပိုအလျှံများကို စိစစ်၍ စနစ်တကျ တင်ပို့လျက် ရှိသည်။ လက်ရှိတွင် ပြည်တွင်း၌ လက်ကျန်ဆန်အခြေအနေမှာ အထက်တွင် ဆိုခဲ့သည့်အတိုင်း မိုးစပါး အသစ်မထွက်ပေါ်မီ အချိန်အထိ ဖူလုံပိုလျှံသည့် ပမာဏ ရှိသဖြင့် ပြည်သူများ အတွက် အဓိက စားနပ်ရိက္ခာ လုံလောက်ဖူလုံမှု ရှိပါကြောင်း။ ။