Skip to main content

လူသားအရင်းအမြစ်များဖြင့် တိုင်းပြည်စီးပွားရေးမြှင့်တင်

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်သည်။ ပြည်သူအများစုသည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။ ထိုသို့ အသက်မွေးဝမ်းကျောင်းပြုရာ၌ သမားရိုးကျ မိရိုးဖလာလုပ်ကိုင်မှုပုံစံဖြင့် လုပ်ကိုင်ဆောင်ရွက်ကြရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ပုံမှန်အနေအထားဖြင့် လည်ပတ်နေကြသည်။ ထို့ကြောင့် ကျေးလက်ဒေသလူမှုစီးပွား၊ နိုင်ငံ့စီးပွား ပိုမိုတိုးတက်ဖွံ့ဖြိုးလာရေးတွင် အထောက်အကူ ပြုစေရန်အတွက် နိုင်ငံတော်အစိုးရက အသက်မွေးဝမ်းကျောင်း သင်တန်းများကို ဖွင့်လှစ်ပေးကာ လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးလျက်ရှိသည်။

စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် လိုအပ်လျက်ရှိသည့် ကျွမ်းကျင်သော လူသားအရင်းအမြစ်များ အမြန်ဆုံး လေ့ကျင့်မွေးထုတ်ပေးနိုင်ရန် စိုက်ပျိုးရေးသိပ္ပံ သင်တန်းကျောင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ မွေးမြူရေးကဏ္ဍအတွက် လိုအပ်သည့် မွေးမြူရေးဒီပလိုမာသင်တန်းများကို တိုးချဲ့ဖွင့်လှစ် ပေးလျက်ရှိသော်လည်း ထပ်မံလိုအပ်လာမည့် စိုက်ပျိုးမွေးမြူရေးကျွမ်းကျင်သူ လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် လာမည့်ပညာသင်နှစ်မှစတင်၍ ဒေသအလိုက် အခြေအနေပေးသော အထက်တန်းကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းအဆင့်ပညာရေးကို ထည့်သွင်းပို့ချပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိသည်။

စိုက်ပျိုးမွေးမြူရေးပညာ သင်ယူကြသည့် ကျောင်းသား ကျောင်းသူများအနေဖြင့် အထက်တန်းပညာ ပြီးဆုံးချိန်တွင် ထူးချွန်မှုအလိုက် ဒီပလိုမာသင်တန်းများနှင့် ဘွဲ့ကြိုသင်တန်းများကို တက်ရောက်ခွင့် ရရှိနိုင်မည်ဖြစ်သကဲ့သို့ တတ်မြောက်သည့်ပညာဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို လုပ်ကိုင်လိုပါက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ကျွမ်းကျင်နိုင်နင်းစွာ လုပ်ကိုင်နိုင်ကြစေရန် ရည်ရွယ်မျှော်မှန်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးကို နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

နိုင်ငံတော်အစိုးရက ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့ရေးအတွက် ဆန်စပါး၊ ဆီထွက်သီးနှံနေကြာ၊ ချည်မျှင်ရှည်ဝါနှင့် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုနှင့် အသားထုတ်လုပ်မှု တိုးတက်ထုတ်လုပ်နိုင်ရန် အလေးထား ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် အထွက်နှုန်းတိုးတက်ရေးနှင့် သီးထပ်ဧရိယာ တိုးချဲ့ရေးအတွက် အကျိုးတူကန်ထရိုက်လယ်ယာစနစ် အောင်မြင်ရေးကို သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများတွင် ဒေသအလိုက် စိုက်ပျိုးမွေးမြူရေးပညာများ သင်ကြားခဲ့ကြသည့် ကျွမ်းကျင်သူ လူ့စွမ်းအားအရင်းအမြစ်များက တီထွင်ကြံဆ နည်းလမ်းရှာဖွေ ကြိုးပမ်းအားထုတ်မှုများဖြင့် ပါဝင်ဆောင်ရွက်ကြခြင်းဖြင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ မြင့်မားတိုးတက် ထွက်ရှိလာမည်ဖြစ်သည်။

ယခုနှစ်တွင် နွေစပါးဧက ၈၅၀၀၀၀ နှင့် ဆောင်းပဲတီစိမ်း ဧက ငါးသိန်းကို တောင်သူများ၏ သွင်းအားစုများတွင် အသုံးပြုနိုင်ရေးအတွက် နိုင်ငံတော်က ချေးငွေထုတ်ပေးပြီး အကျိုးတူ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်နိုင်ရန် ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ ယင်းလုပ်ငန်းများတွင် တောင်သူအစုအဖွဲ့များ၊ သွင်းအားစု ကုမ္ပဏီအစုအဖွဲ့များ၊ သီးနှံထွက်ကုန်များကို ပြန်လည်ဝယ်ယူမည့် အကျိုးတူလယ်ယာစနစ် ဆောင်ရွက်မည့် အစုအဖွဲ့များ သုံးဦးသုံးဖလှယ် ပါဝင်ဆောင်ရွက်ကြမည်ဖြစ်ရာ အဆိုပါ လုပ်ငန်းများတွင်လည်း မိမိတို့၏ရပ်ရွာ၊ မိသားစုများနှင့် သက်ဆိုင်သည့် စိုက်ပျိုးမွေးမြူရေး ပညာရပ်များ သင်ကြားဆည်းပူးခဲ့သော လူ့စွမ်းအားအရင်းအမြစ်များက ပါဝင်စွမ်းဆောင် နိုင်ကြမည်ဖြစ်သည်။

ဥပမာအားဖြင့် ပြင်ဦးလွင်၊ နောင်ချို၊ ရွာငံ၊ ဟိုပုံး၊ ရပ်စောက်၊ ပင်းတယ စသည့်ဒေသများ၌ ရှိပြီးကော်ဖီစိုက်ခင်းများကို အဓိကထားအခြေပြုပြီး အခြားရေမြေရာသီဥတုနှင့် ကိုက်ညီသော ဒေသများတွင် ကုန်းမြင့်ကော်ဖီ ဧကနှစ်သိန်း ပြည့်အောင် စိုက်ပျိုးသွားမည့် အစီအစဉ်ရှိရာ ဒေသခံတောင်သူများနှင့် စိုက်ပျိုးရေးပညာရပ်များ သင်ကြားခဲ့ကြသည့် လူ့စွမ်းအား အရင်းအမြစ်များက ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။ အလားတူ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း မြေပြန့်ကော်ဖီဧက တစ်သိန်း စိုက်ပျိုးသွားရန် နိုင်ငံတော်က ကူညီဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းလာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ အခြားသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးတွင် အလားတူ ဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ဒေသအလိုက် စားရေရိက္ခာ ပေါများကြွယ်ဝရေးနှင့် ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့ရေးအတွက် မိမိတို့ကျွမ်းကျင်ရာ ကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်၏ ပံ့ပိုးကူညီဆောင်ရွက်ပေးမှုများနှင့် ဒေသအလိုက် လေ့ကျင့်မွေးထုတ်ပေးထားသော စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကျွမ်းကျင်သူ လူသားအရင်းအမြစ်များနှင့်အတူ ပူးပေါင်းလက်တွဲ ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။     ။