Skip to main content

လူကုန်ကူးမှုတိုက်ဖျက်ဖို့ နည်းပညာကဏ္ဍမြှင့်တင်လုပ်ဆောင်စို့

လူကုန်ကူးခံရမှုကြောင့် ဒူဘိုင်းတွင် ဒုက္ခရောက်နေကြောင်း ဖေ့စ်ဘုတ်လူမှုကွန်ရက်မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် အကူအညီတောင်းခံခဲ့သည့် မြန်မာအမျိုးသမီးငယ် ခုနစ်ဦးတို့မှာ မြန်မာ-ဒူဘိုင်း နှစ်နိုင်ငံရဲအဖွဲ့တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၎င်းတို့ကြုံတွေ့ခဲ့ရသည့် ဒုက္ခများမှ လွတ်မြောက်ကာ အမိမြေသို့ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်သည်။ လူကုန်ကူးသူတရားခံမှာ ဒူဘိုင်းတွင် အမြဲတမ်းနေထိုင်ခွင့်ဖြင့်နေထိုင်ပြီး မြန်မာအမျိုးသမီးငယ်များကို မက်လုံးပေးစည်းရုံးကာ ဒူဘိုင်းမှတစ်ဆင့် အခြားအရှေ့အလယ်ပိုင်းဒေသနိုင်ငံများသို့ ထပ်ဆင့်ရောင်းစားနေသူ ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်မှု၊ အိုင်တီနည်းပညာကိုသုံးစွဲကာ အရေးပါသည့် အချက်အလက်များနှင့် လုပ်ငန်းဆောင်တာများကို အောင်မြင်စွာဆောင်ရွက်နိုင်မှု၊ အာရပ်စော်ဘွားများပြည်ထောင်စု ဒူဘိုင်းရဲတပ်ဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုကိုရရှိမှုတို့ကြောင့် မြန်မာအမျိုးသမီးတို့ကို ကယ်တင်နိုင်ခဲ့ပြီး လူကုန်ကူးသူတရားခံကိုပါ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ အကယ်၍သာ ၎င်းတို့အားအချိန်မီ ကယ်တင်နိုင်ခဲ့ခြင်း မရှိပါက မြန်မာနိုင်ငံနှင့် လွန်စွာအလှမ်းဝေးလှသည့် အရှေ့အလယ်ပိုင်းဒေသ တစ်နေရာရာတွင် တစ်ယောက်စီ ထပ်ဆင့်ရောင်းစားခံရပြီး ၎င်းတို့တစ်ဦးချင်းစီ ခံစားကြရမည့် ဒုက္ခများမှာ မတွေးဝံ့စရာပင်ဖြစ်သည်။

ယခုနောက်ပိုင်း လူကုန်ကူးမှုများတွင် လူကုန်ကူးခံရသူများရော တရားခံများပါ အမျိုးသမီးများက အများစုဖြစ်သည်။ အမျိုးသမီးများကို မက်လုံးပေး ဆွဲဆောင်စည်းရုံးကြရာတွင် အမျိုးသမီးအချင်းချင်းဆွဲဆောင်စည်းရုံးခြင်းက ပိုမို၍ယုံကြည်မှုရရှိပြီး ပိုမိုအောင်မြင်ကြသည့်အတွက် ပြင်ပတွင် လူကိုယ်တိုင်ဖြစ်စေ၊ အွန်လိုင်းမှဖြစ်စေ မက်လုံးပေးစည်းရုံးမှုများကို မယုံကြည်ကြရန်နှင့် ဘေးအန္တရာယ်အဖြစ် ရှုမြင်နိုင်ကြရန် ယခုဒူဘိုင်းဖြစ်ရပ်က သင်ခန်းစာပေးလျက်ရှိသည်။ အမျိုးသမီးငယ်များအနေဖြင့် ပိတ်လှောင်ထားသည့်နေရာမှ ထွက်ပြေးနိုင်မှုနှင့် လူမှုကွန်ရက်ကို အကျိုးရှိစွာ အသုံးချနိုင်မှုတို့ ကြောင့်သာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ချိတ်ဆက်နိုင်ခဲ့သည့် အခြေအနေသို့ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ရေခြားမြေခြားတွင် မိမိနိုင်ငံသားအချင်းချင်း ကူညီမှုကလည်း များစွာအထောက်အကူဖြစ်ခဲ့သည်။

အလုပ်အကိုင် အခွင့်အလမ်းအတွက် ပြည်ပသို့ထွက်ခွာမည်ဆိုပါက တရားဝင်အေဂျင်စီများနှင့် ဆက်သွယ်ကြခြင်းကသာ လုံခြုံစိတ်ချရသော နည်းလမ်းဖြစ်သည်။ ပြည်ပနိုင်ငံသို့ သွားရောက်၍ အိမ်ဖော်အဖြစ် အလုပ်လုပ်ကိုင်မည်ဆိုပါက နိုင်ငံအများအပြား၏ အလုပ်သမားဥပဒေမှာ အိမ်ဖော်အလုပ်အကိုင်များကို ထည့်သွင်းပြဋ္ဌာန်ထားခြင်းမရှိသည့်အတွက် အိမ်ဖော်လုပ် မည့်သူမှာ အလွဲသုံးစားပြုခြင်း၊ လူကုန်ကူးခြင်းအန္တရာယ်ကျရောက်ရန် အလားအလာ လွန်စွာများပြားသည်ကိုလည်း သိရှိထားကြရန်လိုသည်။

လာမည့် စက်တင်ဘာလ ၁၃ ရက်နေ့သည် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ဖြစ်ပြီး ယခုနှစ်အတွက် ဆောင်ပုဒ်မှာ “လူကုန်ကူးမှုတိုက်ဖျက်ဖို့၊ နည်းပညာကဏ္ဍမြှင့်တင်လုပ်ဆောင်စို့ ဟူ၍ဖြစ်ရာ ဒူဘိုင်းဖြစ်ရပ်နှင့် ဆက်စပ်ကြည့်မည်ဆိုပါက နည်းပညာ၏အရေးပါမှုကို ထင်ရှားစွာတွေ့မြင်နိုင်မည် ဖြစ်သည်။ ပြစ်မှုကျူးလွန်သူများက နည်းပညာကို ပိုမိုသုံးစွဲလာကြ သည်နှင့်အမျှ လူကုန်ကူးမှုအပါအဝင် ရာဇဝတ်မှုများ နှိမ်နင်းတိုက်ဖျက်ရာတွင် အဆင့်မြင့် နည်းပညာများကို ပိုမိုသုံးစွဲလာရမည်ဟူ၍ ရှုမြင်ပါကြောင်း။      ။