Skip to main content

ပညာသင်ယူမှုပတ်ဝန်းကျင်လွှမ်းခြုံချဲ့ထွင်

မြန်မာနိုင်ငံ၏ပညာရေးကဏ္ဍတွင် စာမတတ်သူနှင့် ပညာကိုဆုံးခန်းတိုင်အောင် မသင်ယူနိုင်ကြသူများ ရှိနေသည်။ နိုင်ငံတစ်နိုင်ငံတွင် ပညာသင်ယူသူများ ပေါများမှ၊ ပညာတတ်နှုန်း၊ ပညာတတ်မှုအဆင့်အတန်း မြင့်မားတိုးတက်မှ အဆိုပါနိုင်ငံသည် ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံဖြစ်မည်။ ထို့ကြောင့် နိုင်ငံတိုင်းသည် ပညာရေးကိုဦးစားပေးပြီး ပညာသင်ကြားရေးတွင် အားလုံးပါဝင်နိုင်ရေး စီးပွားရေး တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ပညာသင်ကြားမှုနှုန်း နိမ့်ကျနေခြင်း၏ အဓိကအကြောင်းရင်းမှာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေခြင်းသည် အဓိကအချက်ဖြစ်၍ လူမှုစီးပွား မြင့်မားတိုးတက်လာစေမည့် အခြေအနေကောင်းများကို နိုင်ငံတော်အစိုးရက ဖန်တီးဖော်ဆောင်ပေးနေသည်။ အားလုံးပါဝင်သည့် လက်လှမ်းမီသော ပညာသင်ကြားမှု ပတ်ဝန်းကျင်ကို ချဲ့ထွင်နိုင်ရန်အတွက် အမျိုးသားပညာရေးဥပဒေ (၂၀၁၄)တွင် အခမဲ့ပညာရေးကိုထည့်သွင်းပြီး အဆင့်ဆင့် တိုးချဲ့ဦးတည် မျှော်မှန်းလုပ်ကိုင်လျက်ရှိသည်။ နိုင်ငံသားတိုင်း ပြောင်းလဲလာသော ခေတ်စနစ်၏ လိုအပ်ချက်အရ KG+9 ဖြစ်သော အခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက်ရေး၊ စိုက်ပျိုးရေးပညာနှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများဖြစ်လာစေရန် ဆက်လက်သင်ယူသွားနိုင်ရေးကို ဦးတည်လုပ်ဆောင်လျက် ရှိသည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် လူဦးရေနှင့်သန်းခေါင်စာရင်းအရ အသက် (၁၅) နှစ်နှင့်အထက် စာမတတ်သူ ၃ ဒသမ ၅ သန်းရှိပြီး အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားနိုင်ခဲ့သည့် ကလေးသူငယ် ၂ ဒသမ ၇ သန်းရှိကြောင်း သိရသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ အသက် (၁၅)နှစ်နှင့်အထက် စာမတတ်သူများကို နှစ်အလိုက် လျှော့ချနိုင်ရေးအတွက် အမျိုးသားပညာရေး အထူးစီမံကိန်းများကို ထည့်သွင်းရေးဆွဲပြီး အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံသားတိုင်း စာတတ်မြောက်မှ၊ နိုင်ငံသားတိုင်း ပညာတတ်မြောက်မှ၊ ကျွမ်းကျင်လူ့စွမ်းအားအရင်းအမြစ်များ ပေါများမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀)တွင် ကျောင်းပြင်ပရောက် ကလေးငယ်များအတွက် ကျောင်းပြင်ပ မူလတန်းပညာရေး၊ ကျောင်းပြင်ပ အလယ်တန်းပညာရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေးနှင့် စာမတတ်သူများအတွက် အခြေခံစာတတ်မြောက်ရေးအစီအစဉ်များကို ရေးဆွဲအကောင်အထည်ဖော်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိရာ အဆိုပါ အစီအစဉ်အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ အဆိုပါအစီအစဉ်သည် မြန်မာနိုင်ငံတွင် မျက်မှောက်ကာလ၏ ပညာရေးကဏ္ဍလိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းဖြစ်ပြီး ပညာသင်ကြားမှု အခွင့်အလမ်း ဆုံးရှုံးနေသော ပြည်သူများအတွက် ပညာဖြည့်ဆည်းပေးသည့် မွန်မြတ်သည့် လုပ်ငန်းစဉ် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုရာခိုင်နှုန်း မြင့်မားနေဆဲဖြစ်ပြီး ပြည်သူအများစုတွင် ဝင်ငွေရလမ်းနည်းပါးသော အလုပ်အကိုင်များ လုပ်ကိုင်နေကြသည်။ မိသားစုပညာရေးကို အလေးမထားနိုင်ဘဲ ကလေးသူငယ်များပါမကျန် ဝင်ငွေရမည့် အလုပ်အကိုင်များကို ရှာဖွေလုပ်ကိုင်နေကြရသည်။ ထို့ကြောင့် ပညာရေးအပေါ် အလေးမထားနိုင်၊ ပညာရေးကို ဆုံးခန်းတိုင်အောင် မသင်ကြားနိုင်သဖြင့် ပညာရေးတိုးတက်မှုနှုန်း လျော့ကျနေခြင်း ဖြစ်သည်။ ယခုအစီအစဉ်သည် ဆင်းရဲနွမ်းပါးသော မိသားစုပညာရေးကို မြှင့်တင်ပေးသည့် အစီအစဉ်ဖြစ်ပြီး အလုပ်အကိုင်မပျက် ပညာသင်ကြားနိုင်သည့် အစီအစဉ်ဖြစ်၍ အားလုံးဝိုင်းဝန်း လက်တွဲကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

ယခုအစီအစဉ်သည် ပြည်သူများအကျိုးအတွက် အမျိုးသားရေးအစီအစဉ်ဖြစ်၍ လူထုလှုပ်ရှားမှု၊ အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ ရှေးယခင်က တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်အလိုက် ကျေးရွာစာတတ်မြောက်ရေးကော်မတီ အဆင့်ဆင့်ဖွဲ့စည်းပြီး တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ စေတနာရှင် စေတနာ့ဝန်ထမ်းဆရာများဖြင့် နွေရာသီ ကျောင်းပိတ်ရက်ကာလတိုင်း စာတတ်မြောက်ရေး အမျိုးသားရေးလှုပ်ရှားမှုပြုလုပ်ခဲ့ရာ အောင်မြင်မှုများစွာ ရရှိခဲ့သည်။ စာတတ်မြောက်ရေး လှုပ်ရှားမှုများကြောင့် စာမတတ်သူ သန်းပေါင်းများစွာ စာတတ်မြောက်ခဲ့ကြသည်။

သို့ဖြစ်ရာ နိုင်ငံသားတိုင်း စာတတ်မြောက်ရေး၊ နိုင်ငံသားတိုင်း မူလတန်းပညာ ပြီးဆုံးအောင်သင်ယူနိုင်ရေး၊ နိုင်ငံသားတိုင်း အလယ်တန်းပညာ ပြီးဆုံးအောင် သင်ယူပြီး အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားနိုင်ရေးအတွက် ယခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် “သင်ယူမှုပတ်ဝန်းကျင်များ ချဲ့ထွင်သင်ယူကြပါစို့” ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံပညာရေးမြှင့်တင်မှု အခန်းကဏ္ဍကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ ပြည်သူလူထုအားလုံး ဝိုင်းဝန်းပူးပေါင်း လက်တွဲဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။         ။