Skip to main content

မြန်မာ-ရုရှား ချစ်ကြည်ရင်းနှီးမှု မိတ်ဆွေရင်းချာ ထာဝရတည်တံ့ခိုင်မာ

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပသည့် (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ-ရုရှားနှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးအပါအဝင် ကဏ္ဍပေါင်းစုံတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို သယ်ဆောင်၍ အမိနိုင်ငံတော်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF) သည် ရုရှားအရှေ့ဖျားဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်နှင့် အာရှ-ပစိဖိတ်ဒေသနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ရည်ရွယ်ကာ ၂၀၁၅ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် (၇) ကြိမ်မြောက်အဖြစ် ကျင်းပခဲ့ခြင်းဖြစ်သည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် ဥရောပအရှေ့ပိုင်းနှင့် အာရှမြောက်ပိုင်းဒေသများ ပါဝင်နေသည့် ကမ္ဘာပေါ်တွင် နယ်မြေအကျယ်ဝန်းဆုံး နိုင်ငံကြီးဖြစ်ပြီး လူဦးရေအားဖြင့် နဝမမြောက် အများဆုံးနိုင်ငံဖြစ်သည်။ မော်စကို၊ စိန့်ပီတာစဘတ် စသည့် နိုင်ငံ၏မြို့တော်ကြီးများမှာ ဘောလ်တစ် ပင်လယ်နှင့် ထိစပ်နေသည့် ဥရောပအပိုင်းတွင် တည်ရှိနေကြသည်။ ရုရှားအရှေ့ဖျားဒေသမှာ အာရှတိုက်၏ အရှေ့မြောက်ပိုင်းတွင် တည်ရှိပြီး မော်စကိုမှ ရထားဖြင့် ခုနစ်ရက်ခရီးခန့် ဝေးကွာသည်။ ၂၁ ရာစုတွင် ကမ္ဘာ့အချက်အချာသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တစ်ဟုန်ထိုးမြင့်မားလာသည့် အာရှတိုက်သို့ ရွေ့လျားလာခဲ့ရာ ရုရှားအရှေ့ဖျားဒေသကို အာရှနိုင်ငံများ၊ အာရှ-ပစိဖိတ်နိုင်ငံများနှင့် ချိတ်ဆက်ရာ၌ ဗဟိုချက်အဖြစ်အသုံးချ၍ ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာ့စီးပွားရေး ပေါင်းစည်းနိုင်မှုအထိ ရည်ရွယ်ကာ ရုရှားက မဟာဗျူဟာ ချမှတ်ဆောင်ရွက်နေခြင်း ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးရာတွင်လည်းကောင်း၊ အရှေ့ဖျားစီးပွားရေးဖိုရမ် မျက်နှာစုံညီအစည်းအဝေးတွင် ပါဝင်တက်ရောက် ဆွေးနွေးရာတွင်လည်းကောင်း နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုမှသည် အမျိုးသားအကျိုးစီးပွား ဖော်ဆောင်နိုင်ရေးအတွက် အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် သိရှိကြရပြီးဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်တစ်လျှောက် တွေ့ဆုံဆွေးနွေးမှုများ၊ လေ့လာမှုများ အားလုံးတို့က နိုင်ငံအတွက် အပြုသဘောဆောင်သည့် စီးပွားရေးဆိုင်ရာ ရလဒ်ကောင်းများ ပေါ်ထွက်လာစေခဲ့သည်။

လာမည့် ၂၀၂၃ ခုနှစ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ သံတမန်ဆက်ဆံရေး (၇၅) နှစ် ပြည့်မြောက်မည်ဖြစ်ပြီး ဂုဏ်ပြုအခမ်းအနား ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ယုံကြည်အားထားရသည့် ကာလရှည်မိတ်ဖက်နိုင်ငံဖြစ်ကြောင်းဖြင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးရာ၌ ပြောကြားခဲ့ရာ မြန်မာနိုင်ငံအပေါ် အလေးဂရုပြုမှုကို ကမ္ဘာသိထင်ရှားစွာ ပြသလိုက်ခြင်းပင်ဖြစ်သည်။ နိုင်ငံတော်အကြီးအကဲ၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်သည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ဖြစ်ထွန်းမှုနှင့် အနာဂတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အခွင့်အလမ်းများ ပေါ်ထွက်စေခဲ့သည့် အောင်မြင်သောခရီးစဉ် ဖြစ်ပါကြောင်း။ ။