Skip to main content

မိုဘိုင်းဖုန်းဆင်းမ်ကတ်များ အသုံးပြုရာတွင် အချက်အလက်များ မှန်ကန်စွာမှတ်ပုံတင်

မြန်မာနိုင်ငံတွင် လူဦးရေ ၅၅ သန်းခန့်ရှိပြီး မိုဘိုင်းဆင်းမ်ကတ် သုံးစွဲမှု သန်း ၇၀ ခန့်ရှိသည်။ အရွယ်ရောက်ပြီးသည့် မြန်မာနိုင်ငံသားအများစုက လူတစ်ကိုယ်လျှင် မိုဘိုင်းဆင်းမ်ကတ် တစ်ကတ်ထက်ပို၍ ကိုင်ဆောင်သုံးစွဲနေကြရာတွင် စနစ်တကျမှတ်ပုံတင်၍ သတ်သတ်မှတ်မှတ် သုံးစွဲသူများရှိသကဲ့သို့ ဈေးပေါပေါနှင့် အလွယ်တကူ ဝယ်ယူရရှိနိုင်သောကြောင့် ဆင်းမ်ကတ်များကို မကြာခဏ ပြောင်းလဲသုံးစွဲကြလေ့ရှိသူများလည်း ရှိသည်။

အမ်ပီတီ၊ အူရီဒူး၊ အက်တမ် (တယ်လီနော)၊ မိုင်တဲလ် စသည့် မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများ ဆင်းမ်ကတ်ရောင်းချသည့် ဆိုင်များမှ ဆင်းမ်ကတ်များကို ဝယ်ယူရာတွင် ဝယ်ယူသူ၏အမည်၊ မှတ်ပုံတင်/နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် စသည့်အချက်အလက်များကို မှန်ကန်စွာမဖြည့်စွက်ခြင်း၊ ကြိုတင်မှတ်ပုံတင်ထားသည့် ဆင်းမ်ကတ်များကို ရောင်းချပေးခြင်း စသည်တို့ကြောင့် ဆင်းမ်ကတ်မှတ်ပုံတင် အချက်အလက်များနှင့် အမှန်တကယ် ဆင်းမ်ကတ်သုံးစွဲနေသူတို့၏ ကိုယ်ရေးအချက် အလက်တို့မှာကိုက်ညီမှုမရှိဘဲ ဖြစ်နေမည်ဖြစ်သည်။ မိမိတို့နိုင်ငံတွင် လွန်ခဲ့သည့် ဆယ်နှစ်တာကာလအတွင်း မိုဘိုင်းဆက်သွယ်ရေးကွန်ရက်များ အရှိန်အဟုန်ဖြင့်တိုးတက်လာပြီး စမတ်ဖုန်းသုံးစွဲမှုများလည်း မြင့်တက်ခဲ့ရာတွင် လွတ်လပ်စွာ လွယ်လင့်တကူ ဝယ်ယူရရှိနိုင်သည့် ဆင်းမ်ကတ်များကို အသုံးပြုကာ ငွေကြေးလိမ်လည်မှုများ အပါအဝင် ရာဇဝတ်မှုကျူးလွန်ခဲ့သည်များလည်း တွေ့ရသည်။ ဖုန်းဆင်းမ်ကတ်များ မမှန်မကန် မှတ်ပုံတင်ခြင်း၊ မှတ်ပုံမတင်ဘဲ ဈေးကွက်အတွင်းရောင်းချခြင်းတို့ကြောင့် လွန်ခဲ့သည့် သုံးနှစ်ခန့်က အမ်ပီတီ၊ အက်တမ် (တယ်လီနော)၊ အူရီဒူး၊ မိုင်တဲလ်တို့ ရှောင်တခင်စစ်ဆေးခြင်းနှင့်အတူ ဒဏ်ကြေးငွေချမှတ်ခံခဲ့ကြရသည်။

ယခုအခါ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးဦးစီးဌာနက ဆင်းမ်ကတ်များ စနစ်တကျ ဝယ်ယူအသုံးပြုရေးနှင့် မှန်ကန်စွာမှတ်ပုံတင် သုံးစွဲရေးတို့အတွက် အသိပညာပေးကြေညာချက်ထုတ်ပြန်ရာတွင် “SIM Card မှတ်ပုံတင် ပြုလုပ်ရာတွင် ဖြည့်စွက်ထားသည့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တို့အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ e-ID Data Base အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။ သို့ဖြစ်ရာ မိုဘိုင်းဖုန်းဆင်းမ်ကတ် ကိုင်ဆောင်သုံးစွဲသူတိုင်း မိမိတို့၏အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တို့ကို မှန်ကန်စွာဖြည့်စွက်ပြီး စနစ်တကျမှတ်ပုံတင်၍ သုံးစွဲကြရမည်ဖြစ်သည်။ မှန်မှန်ကန်ကန် ပြန်လည်ပြင်ဆင် မှတ်ပုံတင်နိုင်ရန်အတွက် သက်ဆိုင်ရာအော်ပရေတာများနှင့် ဆင်းမ်ကတ်ရောင်းချသူများထံ အွန်လိုင်းဝန်ဆောင်မှုဖြင့်လည်းကောင်း၊ အရောင်းဆိုင်သို့သွားရောက်၍လည်းကောင်း ဆက်သွယ်ဆောင်ရွက်ကြရန်လိုသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တစ်ခုလျှင် ဆင်းမ်ကတ်နှစ်ခုဝယ်ယူသုံးစွဲနိုင်ရာ မှတ်ပုံတင်၍ စနစ်တကျသုံးစွဲခြင်းဖြင့် မိမိကိုယ်ကိုယ် မိမိတာဝန်ယူ၊ တာဝန်ခံခြင်းဖြစ်သည်။ ယင်းသို့ မှတ်ပုံတင်သုံးစွဲခြင်းဖြင့် မိုဘိုင်းဖုန်းကိုအသုံးပြု၍ ကျူးလွန်သော ရာဇဝတ်မှုခင်းများ လျော့နည်းကျဆင်းသွားနိုင်မည်ဖြစ်ပြီး မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကိုလည်း လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်မည်ဖြစ်သည့်အလျောက် သက်ဆိုင်ရာမိုဘိုင်းအော်ပရေတာများ၊ နိုင်ငံတစ်ဝန်းရှိ သန်းပေါင်းများစွာသော မိုဘိုင်းဆင်းမ်ကတ်ကိုင်ဆောင်သုံးစွဲသူများနှင့် သက်ဆိုင်ရာဦးစီးဌာနတို့က ဆင်းမ်ကတ်များစနစ်တကျ ဝယ်ယူအသုံးပြုနိုင်ရေးနှင့် မှန်ကန်စွာ မှတ်ပုံတင်သုံးစွဲနိုင်ရေး အလေးအနက် ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။