Skip to main content

အစားအစာများဘေးကင်းရေးဆောင်ရွက်

ပြည်သူများ နေ့စဉ်စားသောက်နေထိုင်မှုဘဝ၌ အစားအသောက်များ ဘေးကင်း လုံခြုံရေးသည် အရေးပါသည့်အချက်ဖြစ်သည်။ လူတို့အသက်ရှင်နေထိုင်ရေး အတွက် နေ့စဉ်စားသောက်နေကြ သောအခါ၌ သန့်ရှင်းလတ်ဆတ်သော အစားအသောက်များ စားသောက်ရန်အရေးမှာ အလွန် ကျယ်ပြန့်သောကိစ္စဖြစ်သည်။ မျက်မှောက်ကာလတွင်  ပြည်သူများအနေဖြင့် စားသောက်ကုန် ဈေးနှုန်းများ ကြီးမြင့်မှုကြောင့် သန့်ရှင်းကောင်းမွန်သော အစားအသောက်များရွေးချယ် ရေးထက် ဈေးနှုန်းသက်သာသော အစားအသောက်များ ရွေးချယ်လာခြင်းသည် ကျန်းမာရေးကို ထိခိုက်စေသောအကြောင်းအချက်များဖြစ်လာသည်။

ကုန်ထုတ်လုပ်သူများအနေဖြင့်  အမြတ်အစွန်းရရှိရေးကို  အလေးထား ဆောင်ရွက်ရာ၌ စားသုံးသူပြည်သူများ အာဟာရပြည့်ဝခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်ခြင်းနှင့်  လုံခြုံစိတ်ချ ဘေးကင်းသော  အစားအစာများဖြစ်စေရေးကို အလေးမထားမှုများလည်း ရှိလာသည်။ မြန်မာနိုင်ငံတွင် အစားအသောက်ဥပဒေကို ပြဋ္ဌာန်းထားပြီး အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ရေးကော်မတီက ကျန်းမာရေးနှင့် ညီညွတ်သည့် ဆေးဝါး၊ အစားအစာများကို ပြည်သူများ စားသုံးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိသည်။ ပြီးခဲ့သည့်ရက်ပိုင်းက ပြည်သူများ စားသုံးရန်မသင့် သည့် အစားအစာနမူနာများစာရင်းကို အသိပေးထုတ်ပြန်ခဲ့သည်။

အဆိုပါအစားအစာနမူနာများသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ဓာတ်ခွဲ စစ်ဆေးခဲ့သော အစားအစာများအနက်မှ ပြည်သူများစားသုံးရန်မသင့်သည့် အစားအစာများ ဖြစ်သည်။ အဆိုပါအစားအစာများတွင် ကလေးသူငယ်များနှင့် လူငယ်များ အများဆုံးစားသုံး လေ့ရှိသည့်  မုန့်ပဲသရေစာများဖြစ်နေသည်ကို တွေ့ရသည်။ အဆိုပါအစားအစာများတွင် ဓာတုပစ္စည်းများ သတ်မှတ်ထားသည့် ပမာဏထက် ပိုမိုပါရှိခြင်း၊ ခွင့်မပြုဆိုးဆေးများ အသုံးပြုထားခြင်း၊  အဏုဇီဝသတ်မှတ်ချက်နှင့် မကိုက်ညီခြင်း စသည်တို့ပါဝင်နေသဖြင့် ပြည်သူများကို အသိပေးကာတားမြစ်ခဲ့သည်။ ထို့အပြင် ယခုကာလ၌ သတ်မှတ်ရက်လွန်   အစားအစာများကိုလည်း သတိထား ရမည်ဖြစ်သည်။ မိုးရာသီကာလဖြစ်၍ မုန့်ပဲသရေစာ အစားအစာများတွင် ဗက်တီးရီးယားမှိုများပါဝင်လေ့ရှိသည်။

အစားအစာနှင့်   ဆေးဝါးကွပ်ကဲရေးဌာနက    အစားအစာများကို  ပုံမှန်၊ ရှောင်တခင်စစ်ပေး လေ့ရှိသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ကျယ်ပြန့်သော ဒေသများ အားလုံးကို လွှမ်းခြုံစစ်ဆေးနိုင်ရန်မှာ လွယ်ကူသောအလုပ်မဟုတ်ပေ။ ထို့ကြောင့် ကျန်းမာရေးကို ထိခိုက်စေသော အစားအစာများစွာရှိနေသည်ကို သတိပြုရမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် မိမိတို့စားသောက်သောအစား အစာများနှင့်ပတ်သက်၍ ကျန်းမာရေးအသိနှင့် အမြဲရှိဖို့လို အပ်သည်။  အစား အသောက်ထုတ်လုပ်သော လုပ်ငန်းရှင်များအနေဖြင့် မိမိတို့အကျိုးစီးပွား ဖြစ်ထွန်း ရေးကို မှန်ကန်သောစေတနာ၊ မွန်မြတ်သောစိတ်ထားဖြင့် စားသုံးသူများအပေါ် ထားရှိကြရန်လိုအပ်သည်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏အဆိုအရ မြန်မာနိုင်ငံတွင် ငါးနှစ်အောက် ကလေးငယ်များ၏ သုံးပုံနှစ်ပုံနီးပါးသည် ဘေးကင်းသောအစားအစာနှင့် သန့်ရှင်းသော ရေရရှိမှုနည်း ပါးခြင်းကြောင့်ဟု ဆိုထားသည်။ ယခုတွေ့ရှိရသော အစားအစာများတွင် ဓာတုဆေးဝါးများသည် ကလေးငယ်များအတွက် အန္တရာယ်ကြီးမားလှသည်။

မြန်မာနိုင်ငံတွင် မျက်မှောက်ကာလ နေထိုင်စားသောက်မှုပုံစံသစ်အရ ပြင်ပအစားအစာများကို အားထားစားသောက်ကြသည့် အလေ့အထတွင် အန္တရာယ်ရှိ သောအစား အစာများများစွာ ပါဝင်နေသည်ကို သတိပြုရမည်ဖြစ်သည်။ လမ်းဘေး အကြော်အလှော်များတွင် ပြည့်ဝဆီ၊ ပြန်ကြော်ဆီ၊ တိရစ္ဆာန်ဆီစသည်တို့သည်  မကောင်းသည့်   ကိုလက်စထရောကိုဖြစ်စေပြီး  လူတို့ကိုအဝလွန်ကာ နှလုံးသွေးကြောပိတ်မှုများကို ဖြစ်စေသည်။ လမ်းဘေးတွင် ရောင်းချသည့် အစားအစာ များနှင့်သီးနှံများတွင် ဓာတ်မြေသြဇာနှင့် ဓာတုပိုးသတ်ဆေး အကြွင်းအကျန်များ ရှိနေတတ်သည်။ ဓာတ်မြေသြဇာနှင့် ဓာတုပိုးသတ်ဆေး အကြွင်းအကျန် တို့ပါဝင်သည့် အစားအစာများကို စားသုံးခြင်းကြောင့် ဝမ်းလျှော၊ ဝမ်းပျက်၊ အထက်လန် အောက်လျှောနှင့် ကင်ဆာရောဂါတို့ကို ဖြစ်နိုင်သည်။ 

သို့ဖြစ်ရာ  မျက်မှောက်ကာလပြည်သူများ  နေ့စဉ်နေထိုင်စားသောက်မှုဘဝ၌ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို အလေးထားစားသောက်ရန် ပိုမိုလိုအပ်လာ သည်။ ဆေးဝါးနှင့် ကုသစရိတ်ကြီးမားနေသောအခါ၌ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေးနှင့် ရောဂါဘယများမဖြစ်ပွား စေရန်အတွက် အစား အသောက်နှင့် နေထိုင်မှုပုံစံများကို အထူးသတိပြု စားသောက် နေထိုင်ပြီး ကျန်းမာရေးနှင့်ညီညွတ်အောင် စားသောက် နေထိုင်သွားကြရန် လေးစားစွာအသိပေးအပ်ပါကြောင်း။         ။

ကြေးမုံ အယ်ဒီတာ့အာဘော်