Skip to main content

တန်ဖိုးမြင့်လူသားအရင်းအမြစ်များ မွေးထုတ်နိုင်မည့် စိုက်ပျိုး၊ မွေးမြူ၊ စက်မှုပေါင်းစည်းကျောင်းများ

လာမည့်ပညာသင်နှစ်မှစတင်၍ ခရိုင် ၅၀ ရှိ အခြေခံပညာ အထက်တန်းကျောင်း ၅၀ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပေါင်းစည်း အထက်တန်းကျောင်းများ တွဲဖက်၍ စတင်ဖွင့်လှစ်သွားတော့မည်ဖြစ်သည်။ ဤသည်မှာ နိုင်ငံ၏ပကတိဖြစ်ပေါ်နေသော အခြေအနေများအရ ဆောင်ရွက်သင့်ဆောင်ရွက်ထိုက်သည့် လုပ်ဆောင်ချက်ကို ပြုလုပ်ခြင်းပင်ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။

မိမိတို့နိုင်ငံ၏ အခြေခံပညာရေးကဏ္ဍတွင် သူငယ်တန်းမှစတင်၍ ကျောင်းဝင်သူ ၁၀၀ လျှင် တက္ကသိုလ်ဝင်တန်းသို့ ရောက်ရှိအောင် သင်ယူနိုင်သူမှာ ၁၀ ဦးခန့်သာရှိသည့်အတွက် ကျန် ၉၀ ကျော်မှာ အခြေခံပညာရေး၏လမ်းခုလတ်တွင် စာသင်ခန်းကို ကျောခိုင်းသွားကြသူများ ဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံ၏ ပညာရေးအခြေအနေမှာ စိုးရိမ်ဖွယ်ရာ အားနည်းလျက်ရှိပြီး ပညာရေးအဟော သိကံဖြစ်မှု ကြီးမားနေခြင်းက နိုင်ငံ၏အနာဂတ်အတွက် အန္တရာယ်ရှိသည်။ တစ်မျိုးသားလုံး၏ ပျမ်းမျှပညာရေးအခြေအနေမှာ အခြေခံပညာ အလယ်တန်းအဆင့်မှာသာရှိနေပြီး အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့်တို့တွင် ကျောင်းထွက်သွားကြသူများမှာ ပညာသင်ကြားရန်အတွက် ငွေကြေးမတတ်နိုင်သူ ၂၁ ဒသမ ၅ ရာခိုင်နှုန်း၊ မိဘအလုပ်တွင် ဝင်ရောက်ကူညီနေရသူ ၂၉ ဒသမ ၂ ရာခိုင်နှုန်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ဝင်ရောက်ကူညီပေးရသူ ၇ ဒသမ ၂ ရာခိုင်နှုန်း စုစုပေါင်း ၅၇ ဒသမ ၉ ရာခိုင်နှုန်းရှိရာ ယင်းကိစ္စများကို အစိုးရက ဝင်ရောက်ကူညီဖြေရှင်းရန် လိုအပ်လျက်ရှိသည်။ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းရှိပြီး နိုင်ငံ့စီးပွားရေးတွင် အဓိကကျသည့် ကျေးလက်နေပြည်သူများ၏ ပညာရေးကို မြှင့်တင်ပေးရန်လည်း လိုအပ်သည်။

တစ်ဖက်တွင်လည်း နိုင်ငံ၏စိုက်ပျိုးရေး၊ မွေးမြူရေးတို့မှာ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ခေတ်နောက်ကျလျက်ရှိပြီး ထုတ်လုပ်နိုင်မှုစွမ်းအားမှာလည်း နိမ့်ကျလျက်ရှိသည်။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေတွင်အလုပ် လုပ်နိုင်သည့်အရွယ်အချိုးအစား များပြားနေခြင်းကြောင့် မြန်မာနိုင်ငံကို လူဦးရေဆုလာဘ်ရရှိသည့်နိုင်ငံဟုပင် ဆိုထားရာ မိမိတို့ရရှိထားသည့် လူ့စွမ်းအားအရင်းအမြစ်ကို အရေအတွက်သာမက အရည်အချင်းပါ မြှင့်တင်ပေးခြင်းအားဖြင့် တန်ဖိုးမြင့်လူသားအရင်းအမြစ် ရရှိလာမည်ဖြစ်သည်။ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးအခြေခံ စီးပွားရေးအဓိက နိုင်ငံတစ်နိုင်ငံအနေဖြင့် မြေသယံဇာတ၊ ရေသယံဇာတတို့ ပြည့်စုံလျက်ရှိပြီး လူသယံဇာတကို မြှင့်တင်ပေးနိုင်ခြင်းအားဖြင့် စိုက်ပျိုးမွေးမြူကုန်ထုတ်လုပ်မှုကို မြင့်မားလာစေမည် ဖြစ်သည်။

“ပြည်တွင်းကုန်ထုတ်လုပ်မှုနှင့် ပတ်သက်၍ မိမိတို့နိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်း ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အသုံးပြု၍ ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်၍ လိုအပ်သည့်ပညာရပ်များအား တတ်မြောက်စေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကျောင်းများ၊သိပ္ပံကျောင်းများဖွင့်လှစ်၍ ထိုမှတစ်ဆင့် ကောလိပ်များနှင့် တက္ကသိုလ်များအဆင့်အထိ မြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ထုတ်ကုန်များအား ပြည်တွင်းဖူလုံစွာ စားသုံးနိုင်သကဲ့သို့ ပိုလျှံသည့် စားကုန်များကိုလည်း ပြည်ပနိုင်ငံများကို တင်ပို့ရောင်းချနိုင်ခြင်းဖြင့် ပြည်ပဝင်ငွေများ ရရှိစေမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

နိုင်ငံတော်အစိုးရက ဦးစားပေးလုပ်ဆောင်လျက်ရှိသည့် အမျိုးသားရေးလုပ်ငန်းစဉ်နှစ်ခုမှာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ဖြစ်ရာ နိုင်ငံ၏ မြေနှင့်ရေသယံဇာတတို့ကို တန်ဖိုးမြင့်လူသားအရင်းအမြစ်၏ အကောင်အထည်ဖော်မှုဖြင့် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေကာ နိုင်ငံ့စီးပွားရေးကို မြင့်မားစေရမည်ဖြစ်သည့်အလျောက် ခရိုင် ၅၀ တွင် စိုက်ပျိုး၊ မွေးမြူ၊ စက်မှုပေါင်းစည်း အထက်တန်းကျောင်းများမှတစ်ဆင့် နိုင်ငံအတွက်တန်ဖိုးရှိသည့် လူသားအရင်းအမြစ်များ ဖြစ်ထွန်းပေါ်ပေါက်လာမည်ဟု ယုံကြည်ပါကြောင်း။           ။