Skip to main content

ငါးသလောက်ငါး သယံဇာတမြှင့်တင်ရေး သားပေါက်ချိန် ရာသီအလိုက် တားမြစ်ချက်လိုက်နာ

ငါးမှာ  ငါးသလောက်ဟူသည့် ဆိုရိုးစကားက ငါးသလောက်သည် အရသာအရှိဆုံး ငါးမျိုးဖြစ်ကြောင်း  ဖော်ညွှန်းနေပြီး မြန်မာနိုင်ငံတွင် လူကြိုက်များသည့် ငါးမျိုးထဲတွင် ပါဝင်ကြောင်း ကိုလည်း ပြဆိုနေခြင်းဖြစ်သည်။ ငါးသလောက်ကို ဘင်္ဂလားပင်လယ်အော် ပတ်ဝန်းကျင် သုံးနိုင်ငံဖြစ်သည့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့က အဓိကထုတ်လုပ်ပြီး နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့ရောင်းချသည်။ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌ ငါးသလောက် ဖမ်းဆီးရမိမှု ကျဆင်းလာပြီး ငါးအရွယ်အစားမှာလည်း သေးငယ်လာသည့် အခြေအနေသို့ ရောက်ရှိလာရာ ငါးသလောက်ငါး သယံဇာတမြှင့်တင်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်လာသည်။

ငါးသလောက်ငါးများသည် မျိုးပွားဇီဝဗေဒဆိုင်ရာအရ ပင်လယ်ပြင်တွင် ကြီးပြင်းပြီး ရေချို/ရေငန်စပ်ရေပြင် မြစ်ချောင်းများအတွင်းသို့ ဝင်ရောက်သားပေါက်ကြကာ အဆိုပါသားပေါက် များကတစ်ဖန် ပင်လယ်ပြင်သို့ အုပ်စုလိုက် ရွှေ့ပြောင်းကြီးပြင်းသည့် (Anadromous) ငါးမျိုးစိတ်ဖြစ်သည်။ ငါးသလောက်ငါးများကို စနစ်တကျဖမ်းဆီး၍ ရေရှည်သုံးစွဲနိုင်ရန် ရည်ရွယ်ပြီး မျိုးပွားသားပေါက်ရန်  စားကျက်များနှင့်  ငါးနေငါးထိုင်များကို ကာကွယ်စောင့်ရှောက်ခြင်း၊  မျိုးပွားသားပေါက်ရန် ဝင်ရောက်လာသော မျိုးဆောင်ငါးများကို အကာအကွယ်ပေးခြင်း၊ ငါးသား ပေါက်များကိုလည်း လွတ်လပ်စွာ ကြီးထွားခွင့်ပေးခြင်း၊ အုပ်စုလိုက်ရွှေ့ပြောင်းရာ လမ်းကြောင်းများကို ထိန်းသိမ်းစောင့်ရှောက်ပေးခြင်း၊ သဘာဝတွင် သားပေါက်နိုင်သော အခြေအနေများကို တိုင်းတာခြင်း စသည့်သုတေသနလုပ်ငန်းများ ပြုလုပ်ထားပြီးဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ငါးသလောက် သားပေါက်သည့်နေရာများအား   ထိန်းသိမ်းကာကွယ်ရန်  ဘေးမဲ့ဧရိယာ (၁၁)ခု၊ မျိုးဆောင်ငါးသလောက်ငါးများ ရွှေ့ပြောင်းသွားလာရာ လမ်းကြောင်းများဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးရှိ တိုးမြစ်ကြောင်း၊  ဘိုကလေးမြစ်ကြောင်း၊  ပြန်မလော့မြစ်ကြောင်းနှင့် ရွေးမြစ်ကြောင်း စသည့်မြစ်ကြောင်း ()ခုအား စက်တင်ဘာ ၁၅ ရက်မှ အောက်တိုဘာ ၁၅ ရက်အထိ ငါးသလောက် ဖမ်းဆီးခြင်းမပြုရသည့် ကာလသတ်မှတ်၍ အသိပညာပေးခြင်း၊ သတိပေးတားမြစ်ခြင်းများကို ပြုလုပ်လျက်ရှိသည်။  ထို့ပြင်  ရခိုင်ပြည်နယ်တွင် မြေပုံမြို့နယ်နှင့် မင်းပြားမြို့နယ်အကြားရှိ မင်းကြောင်းမြစ်အတွင်း ထိန်းသိမ်းရေးနေရာတစ်ခု၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး ဆက်စပ်နယ်မြေဖြစ်သည့် စစ်တောင်းမြစ်ဝ (Ramsar Site) ရှိ ရာသီအလိုက် ငါးသလောက် ကာကွယ်ထိန်းသိမ်းရေး နေရာတစ်ခုနှင့်  မွန်ပြည်နယ်ငါးဖမ်းကွက် အမှတ် D2 နှင့် D3 ကို ရာသီအလိုက် ပိတ်ပင်တားမြစ်ထားသည်။

ငါးသလောက်အပါအဝင် ငါးသယံဇာတများကို ထိန်းသိမ်းသည့်အနေဖြင့်  ငါးဖမ်းဆီးခြင်းမပြုရန်  ရာသီအလိုက် အချိန်ကာလနှင့် ဒေသများသတ်မှတ်၍ တားမြစ်နေခြင်းမှာ ရေရှည်အကျိုးဖြစ်ထွန်းစေရန်အတွက်ဖြစ်သည်။ ငါး၊ ပုစွန် သယံဇာတများကို အမြော်အမြင် ကင်းမဲ့စွာ အလွန်အကျွံ ဖမ်းဆီးခြင်းအားဖြင့် မျိုးသုဉ်းကာ ငါးပုစွန်ထုတ်လုပ်မှု လျော့နည်းကျဆင်းခြင်းနှင့်အတူ ရေလုပ်ငန်းရှင်များ၊ ရေလုပ်သားများ၏ လူမှုစီးပွားဘဝများကို ထိခိုက်စေခြင်း၊ ရေလုပ်ငန်းကဏ္ဍမှ ပြည်ပဝင်ငွေ ရှာဖွေပေးနိုင်မှု လျော့နည်းကျဆင်းခြင်းနှင့် ပြည်တွင်း ငါးပုစွန်စားနပ် ရိက္ခာရှားပါးမှုတို့ ဖြစ်ပေါ်လာမည် ဖြစ်သည်။ သို့ဖြစ်ရာ ရေလုပ်ငန်းရှင်များ ရေလုပ်သားများအနေဖြင့် ပိတ်ပင်တားမြစ်ထားသည့် အချိန်ကာလအတွင်း လိုက်နာဆောင်ရွက်ခြင်းဖြင့် မိမိတို့နှင့်တကွ နိုင်ငံနှင့် ပြည်သူတို့၏ ရေရှည်အကျိုးစီးပွားကို ဆောင်ကြဉ်းနိုင်ကြပါစေကြောင်း။     

မြန်မာ့အလင်းအယ်ဒီတာ့အာဘော်