Skip to main content

ထက်မြက်သည့်စွမ်းရည်ဖြင့် တရားဥပဒေစိုးမိုးရေးဖော်ဆောင်

ဒီမိုကရေစီနိုင်ငံများတွင် မြို့ရွာအေးချမ်းသာယာရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ရဲတပ်ဖွဲ့က အဓိကတာဝန်ယူဆောင်ရွက်ကြသည်။ ရဲတပ်ဖွဲ့၏အခန်းကဏ္ဍမှာ အဓိကကျသဖြင့် ဒေသအလိုက် ရဲတပ်ဖွဲ့ကို အဆင့်မြှင့်တင်ပြီး ပြည်သူများအား ကူညီကာကွယ်စောင့်ရှောက်ပေးနေသည်ကို တွေ့မြင်နိုင်သည်။ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေသည့် မြန်မာနိုင်ငံတွင် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ရပ်ရွာအေးချမ်းသာယာ ရေး၊တရားဥပဒေ စိုးမိုးရေးအတွက် နိုင်ငံတော်နှင့်နိုင်ငံသားများအကျိုးစီးပွားကို ဥပဒေနှင့်အညီ အစဉ်ကာကွယ်စောင့်ရှောက်သည့်ရဲတပ်ဖွဲ့ ဖြစ်စေရန်၊ နိုင်ငံတော်နှင့် ပြည်သူများက ယုံကြည်အားထားရသည့် အရည်အသွေးမြင့်မားပြီး စည်းကမ်းကောင်းမွန်သော ရဲတပ်ဖွဲ့ဖြစ်စေရန်၊ ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးတာဝန်များကို စွမ်းရည်ထက်မြက်စွာ ထမ်းဆောင်နိုင်သည့် ရဲတပ်ဖွဲ့ဖြစ်လာစေရန်၊ နိုင်ငံတကာရဲတပ်ဖွဲ့၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရဲတပ်ဖွဲ့၏ စွမ်းရည်နှင့် အရည်အသွေးမြင့်မားရေး ဆောင်ရွက်ရန်၊ လိုအပ်သည့်အချိန်တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများတွင်ပါဝင် ဆောင်ရွက်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ၂၀၂၂ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဥပဒေသစ်ကိုပြဋ္ဌာန်းခဲ့သည်။

ယနေ့ တည်ဆဲဥပဒေများ ချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများအပါအဝင် အမျိုးမျိုးသော မှုခင်းများကိုကြည့်လျှင် မှုခင်းဖြစ်ပွားမှုများပြားခြင်း၊ လျော့နည်း ခြင်းဆိုသည့်အကြောင်းတရားများသည် ပတ်ဝန်းကျင်တွင်ဖြစ်ပျက်နေသည့် လူမှုရေးပြဿနာ၊ ပညာရေးနိမ့်ကျမှုပြဿနာ၊ စီးပွားရေးဆိုင်ရာပြဿနာ၊ မူးယစ်ဆေးဝါးပြဿနာများနှင့် ဆက်နွှယ်နေသည့်အတွက် လက်ရှိကျင့်သုံးနေသော ဥပဒေများနှင့်တရားစီရင်ရေးစနစ်တို့အပေါ် ၌သာမှီခိုအားထားခြင်းတစ်ခုတည်းနှင့် မလုံလောက်တော့ဘဲ ရဲတပ်ဖွဲ့နှင့်အတူ တရားရေးကဏ္ဍမှစ၍ ဆက်စပ်ဝန်ကြီးဌာနများ၊ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများနှင့် လူထုလူတန်းစားအဖွဲ့အစည်းအသီးသီးတို့ကလည်း ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်သည်ကို တွေ့ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။

မျက်မှောက်ကာလ၌ တစ်နေ့တခြားတိုးပွားလာသည့် လူဦးရေနှင့် လူမှုဘဝ အခြေအနေတို့အရ နိုင်ငံတစ်ဝန်း ကျယ်ပြန့်လှသည့်မြို့ရွာများ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ တစ်ခုတည်းအင်အားဖြင့်လွှမ်းခြုံဆောင်ရွက်နိုင်ရန် လွယ်ကူလှသည့်အလုပ်မဟုတ်ပေ။ ထို့ကြောင့် မိမိတို့ဒေသအေးချမ်းသာယာရမည်ဆိုသည့် စေတနာဖြင့် အားလုံးလက်တွဲပူးပေါင်း ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။ လက်ရှိအခြေအနေတွင် ကျေးလက်ဒေသများ၌ ပညာရေး၊ စီးပွားရေးနိမ့်ကျမှုအခြေအနေတို့ကိုအကြောင်းခံ၍ အဖျက်အမှောင့် နိုင်ငံရေးပယောဂပူးကပ်လာသောအခါတွင် ရပ်ရွာတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကိုထိပါးလာသော ကျူးလွန်မှုများ ဖြစ်ပေါ်လာသည်ကို တွေ့ရမည်ဖြစ်သည်။ ရပ်ရွာအေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေး လျော့ရဲလာသောအခါတွင် အကြမ်းဖက်မှုများ ခေါင်းထောင်ထလာပြီး အေးချမ်းစွာနေထိုင်လိုကြသော အများပြည်သူတို့ ဆင်းရဲဒုက္ခရောက်ကြရသည်။ ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့များနှင့်အတူလက်တွဲ၍ မိမိတို့ဒေသ တည်ငြိမ်အေးချမ်း သာယာဝပြောရေးကို ဆောင်ရွက်ကြရမည်ဖြစ်သည်။

ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ညွှန်ကြားချက်ဖြင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေချိန်ကာလအတွင်း အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ တိုက်ခိုက်သတ်ဖြတ်မှုများကြောင့် နိုင်ငံသားများ ထိခိုက်သေဆုံးခဲ့ရမှုမှ ကင်းဝေးစေရေး၊နိုင်ငံတစ်ဝန်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြုစေနိုင်မည့် ပြည်သူ့လုံခြုံရေးအဖွဲ့များကို ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ရပ်ကွက်/ကျေးရွာ/ မြို့နယ်နှင့်ခရိုင်အဆင့် ဖွဲ့စည်းပေးခဲ့ပြီး ဒေသအလိုက် တည်ငြိမ်အေးချမ်းရေးကို ရာနှုန်းပြည့်ရရှိသည်အထိ စီမံဆောင်ရွက်နေပြီဖြစ်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လုံခြုံရေး၊တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် ထက်မြက်သည့်စွမ်းရည်များဖြင့် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။