ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တင်သွင်းခဲ့သော မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ ချို့ယွင်းချက်များပါရှိနေသည့် အစီရင်ခံစာများ၊ တင်ပြချက်များနှင့် နိုင်ငံအချို့၏ စွက်ဖက်ပြောကြားချက်များကို မြန်မာနိုင်ငံက ရှုတ်ချပြီး ပြတ်သားစွာ ကန့်ကွက်ပယ်ချလိုက်သည်။
လူ့အခွင့်အရေးကိုအကြောင်းပြကာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဘက်ပေါင်းစုံမှ ဝင်ရောက်စွက်ဖက်မှုများကို ဥရောပသမဂ္ဂနှင့် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် နိုင်ငံများ၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ဟုဆိုသည့် အဖွဲ့အစည်း၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ၊ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၊ ခေတ္တလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး စသည့် အဖွဲ့များနှင့် လူပုဂ္ဂိုလ်များက မြန်မာနိုင်ငံကို ဦးတည်ပစ်မှတ်ထားကာ ဆွေးနွေးပွဲအများအပြားကို ဖန်တီးခဲ့ပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်နေကြခြင်း ဖြစ်သည်။ လူ့အခွင့်အရေးဟူ၍ အသံကောင်းဟစ်နေသော်ငြားလည်း နောက်ကွယ်မှ ရည်မှန်းချက်များမှာ နိုင်ငံရေး ရည်မှန်းချက်အများအပြား ပါဝင်လျက်ရှိသည်။
မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ မမှန်မကန် လှုံ့ဆော်မှုများ ပြုလုပ်ကြရာတွင် ခိုင်လုံမှုမရှိသည့် ဆန့်ကျင်ဘက် သတင်းအရင်းအမြစ်များကိုသာ အလွယ်တကူ အသုံးပြုခဲ့ကြခြင်းဖြစ်သည်။ ယင်းအပေါ် မြန်မာနိုင်ငံအနေဖြင့် ဖြေရှင်းခွင့်မရရှိဘဲ မြန်မာနိုင်ငံကို နှိပ်ကွပ်ရန်သက်သက် ဖွဲ့စည်းထားသည့် ယန္တရားများ၏ တစ်ဖက်သတ် ဆောင်ရွက်ချက်များကိုသာ တရားမျှတမှုကင်းမဲ့စွာ ပြုမူခံခဲ့ရခြင်းဖြစ်သည်။ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူဟု ဆိုသူကလည်း မြန်မာနိုင်ငံ၏ ပြည်တွင်းအခြေအနေများနှင့် စပ်လျဉ်း၍ NUG နှင့် PDF အကြမ်းဖက်အဖွဲ့များက အပြစ်မဲ့ပြည်သူများအပေါ် ဆိုးရွားစွာ ကျူးလွန်မှုများကို မျက်ကွယ်ပြု ဖုံးကွယ်ပေးထားခဲ့ပြီး NUG အကြမ်းဖက်အဖွဲ့ကို အသိအမှတ်ပြုရေးအတွက် ဆော်ဩ ကြိုးပမ်းလျက်ရှိသည်။
အဆိုပါကြိုးပမ်းမှုသည် NUG ၏ အကြမ်းဖက် လူသတ်မူဝါဒချမှတ်လမ်းညွှန်မှု၊ PDF အကြမ်းဖက်အုပ်စုများ၏ ကာယကံမြောက်ရက်စက်စွာ ကျူးလွန်မှုတို့ဖြင့် အသက်ဆုံးရှုံးခဲ့ရသည့် ကလေးသူငယ် ၈၈ ဦးအပါအဝင် လက်နက်မဲ့ပြည်သူ ၃၈၀၀ တို့အပေါ် မျက်နှာလွှဲခဲပစ် ပြုမူလိုက်ခြင်းဖြစ်သည်။ ၎င်းအကြမ်းဖက်သမားတို့၏ ရက်စက်ကြမ်းကြုတ်မှုတို့ကြောင့် ပြိုကွဲပျက်စီးသွားခဲ့ရသည့် မိသားစုဘဝများစွာတို့ကိုလည်း မသိကျိုးကျွန် ပြုလိုက်ခြင်းပင် ဖြစ်သည်။ လူ့အခွင့်အရေးကို အကြောင်းပြပြီး ပြည်ပမှ နိုင်ငံရေးစွက်ဖက်လိုသူတို့၏ မျက်နှာလိုက်မှုဖြစ်ပြီး ၎င်းတို့၏ လူ့အခွင့်အရေး ဆိုသည်မှာလည်း လိုရာဆွဲမှု သက်သက်သာဖြစ်သည်ကို ထင်ရှားပေါ်လွင်စေသည်။
မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၊ လူ့အခွင့်အရေး ယန္တရားများနှင့် ၎င်းတို့၏ ရည်ရွယ်ချက်များနောက်ကွယ်မှ အပေးအယူများကို မြန်မာနိုင်ငံက ထောက်ပြကာ ပြတ်ပြတ်သားသား ရှုတ်ချကန့်ကွက်ပယ်ချခြင်းဖြင့် နိုင်ငံ၏ ဂုဏ်သိက္ခာ၊ နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ်လိုက်ခြင်းက မြန်မာပြည်သူလူထု၏ ရပ်တည်မှု၊ ဆန္ဒနှင့် အညီပင်ဖြစ်ပါကြောင်း။ ။