Skip to main content

တိုင်းရင်းသားများဆန္ဒ ဝိုင်းဝန်းဖော်ဆောင်

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း (၇) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် Video Message ဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။

ပြောကြားခဲ့သည့်မိန့်ခွန်း၌ တိုင်းရင်းသားများ၏ဆန္ဒနှင့် လိုလားချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် “ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာလည်း ကျွန်တော့်အနေနဲ့ EAO ခေါင်းဆောင်များကို ဆွေးနွေးရှင်းပြပြီးဖြစ်ပါတယ်။ အခုတိုင်းရင်းသားများရဲ့ဆန္ဒနဲ့ လိုလားချက်တွေကို ဒီမိုကရေစီနည်းလမ်းကျ ဆောင်ရွက်ပေးနိုင်ဖို့ က နိုင်ငံရေးစင်မြင့်ဖြစ်တဲ့ လွှတ်တော်ထဲကို တိုင်းရင်းသားကိုယ်စားလှယ်များ စုံစုံညီညီ ရောက်ရှိလာဖို့ လိုအပ်ပါတယ်။ ဒါမှလည်း လူမျိုးစုအလိုက် လိုလားချက်တွေ၊ ရည်မှန်းချက်တွေကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးစုပေါင်းဆုံးဖြတ်၊ စုပေါင်း အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ် ဟူသောအချက်ကို ထည့်သွင်းပြောကြားသွားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံရေးဦးတည်ချက်များတွင် “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်နိုင်ရေး လုပ်ငန်းစဉ်ချမှတ်ထားသည်။ ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင် “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း အလေးအနက်ထား လုပ်ဆောင်သွားမည် ဟူသည့်အချက်ကို အတိအလင်းထည့်သွင်းထားသည်။ အဆိုပါအချက်များသည် တိုင်းရင်းသားပြည်သူအားလုံး၏ ဆန္ဒနှင့်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ဖြစ်သည်။

ဖက်ဒရယ်ဆိုသည်မှာ မတူကွဲပြားသော တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ လူမျိုးများ၊ လူမျိုးစုများကို စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်များကို ခွဲဝေကျင့်သုံးသည့် အယူအဆသဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အဓိက တိုင်းရင်းသားလူမျိုးကြီး ရှစ်မျိုး၊ လူမျိုးစု ၁၃၀ ကျော် ရှိသည်။ တိုင်းရင်းသားလူမျိုးကြီး၊ လူမျိုးငယ်အားလုံးသည် တူညီသော အခွင့်အရေးများ ရရှိဖို့လိုအပ်သည်။ တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း တိုင်းရင်းသားလူမျိုးများအရေးနှင့်ပတ်သက်၍ ပြဋ္ဌာန်းထားပြီးဖြစ်ပြီး အစိုးရအနေဖြင့် ဖြစ်သင့်ဖြစ်ထိုက်သည့် အခွင့်အရေးများ၊ ရသင့်ရထိုက်သည့်ရပိုင်ခွင့်များ ရရှိလာအောင် ကြိုးပမ်းဆောင်ရွက်နေသည်။

တိုင်းရင်းသားလူမျိုးများအားလုံး တူညီသောအခွင့်အရေးများကို ရရှိနိုင်ရန်အတွက် ဦးစွာ နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်လာပြီဖြစ်သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများရပ်ဆိုင်းသွားရန်လိုအပ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ၏ ကနဦးအဆိုပြုချက်များအပေါ်တွင် အခြေခံပြီး အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး ဆွေးနွေးညှိနှိုင်းသဘောတူရေးဆွဲပြီး နိုင်ငံတကာမှ နိုင်ငံအချို့နှင့် အဖွဲ့အစည်းအသီးသီးတို့ အသိအမှတ်ပြု ပါဝင်လက်မှတ်ရေးထိုးထားသော NCA စာချုပ်ပါအချက်များအတိုင်း အကောင် အထည်ဖော်ဖို့လိုသည်။ တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်ပေါင်း ၂၁ ကြိမ်ထုတ်ပြန်ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပေးခဲ့သည်။

တပ်မတော်က နိုင်ငံတော်တာဝန်များကို ထမ်းဆောင်နေချိန်တွင် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များကို လက်တွေ့ကျကျတိုးတက်လာစေရန် နိုင်ငံတော်နှင့် တပ်မတော်အကြီးအကဲကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပြည်သူလူထု၏ လိုလားချက်နှင့် အစိုးရ၏ မူဝါဒနှစ်ရပ် ဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးကို အားလုံးက လက်ခံသဘောတူခဲ့ကြသည်။ ဆက်လက်၍ တိုင်းရင်းသားများ၏ဆန္ဒနှင့် လိုလားချက်များကို ဒီမိုကရေစီနည်းလမ်းကျဆောင်ရွက်ပေးနိုင်ရန် နိုင်ငံရေးစင်မြင့်ဖြစ်သည့် လွှတ်တော်အတွင်းသို့ တိုင်းရင်းသားကိုယ်စားလှယ်များ စုံစုံလင်လင်ရောက်ရှိပြီး လူမျိုးစုအလိုက် လိုလားချက်များ၊ ရည်မှန်းချက်များကို ပွင့်လင်းမြင်သာစွာဆွေးနွေး၊ စုပေါင်းဆုံးဖြတ်၊ စုပေါင်းအကောင်အထည်ဖော်ကြမှသာ ရည်မှန်းချက်များ အကောင်အထည်ပေါ်လာမည်ဖြစ်သည်။

သို့ဖြစ်ရာ တိုင်းရင်းသားပြည်သူအားလုံး၏ ဆန္ဒများ၊ လိုလားချက်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါအတိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး ပါဝင်ဆောင်ရွက်ကြပြီး ဒီမိုကရေစီနည်းလမ်းကျသည့် လွှတ်တော်များတွင် ပါဝင် တက်ရောက်ဆွေးနွေးဆောင်ရွက်နိုင်ရန် ဆောင်ရွက်နေသည့် နိုင်ငံရေးလုပ်ငန်းစဉ် အဆင့်ဆင့် အကောင်အထည်ပေါ်အောင် ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။