Skip to main content

ဒေသထွက် ကုန်ကြမ်းများကို ကုန်ချောအဖြစ် ထုတ်လုပ်တင်ပို့

နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးတွင် “ပြည်ပပို့ကုန်တိုးမြှင့်ရေး”သည် အရေးပါသည့် အချက်တစ်ရပ် ဖြစ်သည်။ စီးပွားရေးမြှင့်တင် ရာတွင် 3Ms ဟု ဆိုကြသည့် ပြည်တွင်းရှိ ရုပ်ဝတ္ထု (Material)၊ ငွေကြေး (Money)၊ လူ(Man) အင်အား အရင်းအမြစ်များကို အထိရောက်ဆုံး အသုံးချနိုင်မည့် နည်းလမ်းများကို ရှာဖွေကြရမည် ဖြစ်သကဲ့သို့ လိုအပ်သည့် အရင်းအနှီးများ စုဆောင်း ရရှိနိုင်စေရန် ပြည်ပပို့ကုန်တိုး မြှင့်ရန်လည်း လိုအပ်သည်။ မိမိတို့နိုင်ငံတွင် အစဉ်အလာအားဖြင့် ပြည်တွင်းမှ စိုက်ပျိုးမွေးမြူထုတ်ကုန် ကုန်ကြမ်းများနှင့် သယံဇာတကု န်ကြမ်းများကိုသာ ပို့ကုန်အဖြစ် ပြည်ပသို့ တင်ပို့ခဲ့ရာမှ အဆင့်မြင့်ကုန်ချောနှင့် ကုန်ချောတို့အဖြစ် ထုတ်လုပ် တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံအတွက် အကျိုးကျေးဇူး ကြီးမားစွာ ဖြစ်ထွန်းလာနိုင်မည် ဖြစ်သည်။

နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုနှင့် တစ်ဆက်တစ်စပ်တည်း ဖြစ်သည့်အလျောက် တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့မှ ကုန်ထုတ်လုပ်မှုများ မြှင့်တင်နိုင်ရေး၊ အသေးစား၊ အငယ်စား၊ အလတ်စား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် နိုင်ငံတော်က တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် အောက်တိုဘာ ၁၇ ရက်နေ့တွင် ကရင်ပြည်နယ်ရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဒေသတွင်းစီး ပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး ပြောကြားရာတွင် “စီးပွားရေး လုပ်ငန်း ဆောင်ရွက်ရာတွင် ကုန်ထုတ်လုပ်မှု၊ ရောင်းဝယ်မှု ဟူ၍ ရှိပြီး ကုန်ထုတ်လုပ်မှု လုပ်ငန်းများ အားကောင်းလာမှ သာလျှင် စီးပွားရေး ဖွံ့ဖြိုးလာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှု ကို အားပေး ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ရောင်းဝယ်မှုတွင် ရောင်းလိုအားနှင့် ဝယ်လိုအား မျှတမှုမရှိပါက ကုန်ဈေးနှုန်းများ ကြီးမြင့်လာမည် ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလု ပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသတွင်းမှ ထွက်ရှိလာသည့် ကုန်ကြမ်း များကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ဆောင်ရွက်ခြင်းဖြင့် ဒေသနှင့်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုကို ပိုမိုခိုင်မာစေမည် ဖြစ်ကြောင်း၊ ကုန်ကြမ်းထွက်ရှိမှုကို ခိုင်မာအောင် ဆောင်ရွက်ထား နိုင်မှသာလျှင် ကုန်ချော ထုတ်လုပ်မှုသည်လည်း စဉ်ဆက်မပြတ် ရှိမည်ဖြစ်ပြီး ဈေးကွက်ခို င်မာမည်ဖြစ်ကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များတွင် ကုန်ကြမ်းနှင့် ကုန်ချောတို့၏ တန်ဖိုးမှာ အဆပေါင်း ရာနှင့်ချီ၍ ကွာခြားသည်။ ထို့အပြင် ကုန်ကြမ်းတို့၏ သဘာဝအရ ရေရှည် အထားမခံသည့် အလျောက် ဝယ်သူ့ဈေးကွက်တွင် မျက်နှာငယ်ရသည်။ အနှိမ် ခံရသည်။ ဒေသတွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံ သည့် အသေးစား၊ အငယ်စား၊ အလတ်စား ကုန်ထုတ်လုပ်ငန်းများ ထူ‌ထောင်နိုင်သည်နှင့်အမျှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများအကြား အပြန်အလှန် အမှီသဟဲပြုကာ အတူတကွ ဖွံ့ဖြိုး တိုးတက်လာကြမည် ဖြစ်သည်။ ပြည်ပပို့ကုန် တိုးမြှင့်ရာတွင် အဆင့်မြင့် ကုန်ချောများနှင့် ကုန်ချောများကို တင်ပို့ခြင်းက ကုန်ကြမ်းတင်ပို့ခြင်းထက် အဆပေါင်းများစွာ တန်ဖိုးမြင့်မားလာ မည်ဖြစ်သကဲ့သို့ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ လည်း တိုးတက်လာမည်ဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကုန်ထုတ်လုပ်ငန်းများ မြင့်မားတိုး တက်လာရေးအတွက် နိုင်ငံတော် အကြီးအကဲနှင့်တကွ ပြည်ထောင်စု ဝန်ကြီးများပါ ကွင်းဆင်းဆောင်ရွက်လျက် ရှိပြီး လိုအပ်သည် များကိုလည်း ဖြည့်ဆည်းပေးလျက်ရှိရာ ဒေသတွင်းရှိ ကုန်ထုတ်လုပ်ငန်းရှင်များ အနေဖြင့်လည်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသည့် ဖွံ့ဖြိုးတိုးတက်ရေး စိတ်ဓာတ်ထက်သန်ခြင်း၊ နည်းလမ်းကိုလည်း သိရှိခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်ချက် ရှိခြင်း၊ လက်တွေ့ကျကျ ဆောင်ရွက်လိုခြင်း စသည့်ဖြည့်ဆည်း မှုများဖြင့် မိမိနှင့်တကွ ဒေသအကျိုးစီးပွား၊ နိုင်ငံ့ အကျိုးစီးပွားအတွက် အားထုတ်ကြိုးပမ်း နိုင်ကြပါစေကြောင်း။ ။