Skip to main content

ကျေးလက်ဒေသပြောင်းလဲဖွံ့ဖြိုးရေး

မြန်မာနိုင်ငံ၏ တည်နေရာအကျယ်အဝန်းအရ ကျေးလက်ဒေသများသည် အကျယ်ပြန့်ဆုံး ဖြစ်သလို နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်များတွင် နေထိုင်လျက်ရှိသည်။ ထို့ကြောင့် ခေတ်အဆက်ဆက် အစိုးရများလက်ထက်မှ ယနေ့ထက်တိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို ဦးစားပေးဆောင်ရွက်ခဲ့ကြသည်။ ယခင်က ဖွံ့ဖြိုးမှုနိမ့်ကျခဲ့သော ကျေးလက်ဒေသ များသည် ယခုအခါ သိသာစွာဖွံ့ဖြိုး တိုးတက်လာသော်လည်း ဖွံ့ဖြိုးမှုနိမ့်ကျသော အချို့ကျေးလက် များလည်းရှိ နေသေးသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်ပြီး ပြည်သူများအတွက် စားနပ်ရိက္ခာ ဖူလုံရေးနှင့် အလုပ်အကိုင် စီးပွားတိုးတက်ရေးသာမက နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို စိုက်ပျိုးရေး လုပ်ငန်းမှ အဓိက အထောက်အကူပြုလျက်ရှိ သည်။ ၂၀၂၂ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက “နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ပြည်နယ်များနှင့် အခြားဖွံ့ဖြိုးမှု နောက်ကျနေသေးသည့် ဒေသများ တစ်ပြိုင်တည်း ဖွံ့ဖြိုးလာစေရန် ကျေးလက်ဒေသ ပြောင်းလဲဖွံ့ဖြိုးရေးကို ဦးတည် ဆောက်ရွက်ပေးကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကျေးလက်ဒေသများသည် စိုက်ပျိုးရေးကို အခြေခံပြီး နိုင်ငံအတွက် အဓိကကျသည် မှန်သော်လည်း စိုက်ပျိုးရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုတွင် အကြောင်းအမျိုးမျိုးဖြင့် အခက်အခဲများ ဖြစ်ပေါ်ခဲ့၍ အချို့ဒေသများတွင် ကျေးလက်များကို စွန့်ခွာ၍ ပြောင်းလဲ လုပ်ကိုင်လာမှုများ ရှိလာသည်။ လူတို့သဘာဝအရ ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်း နေထိုင်လေ့ရှိရာ ကျေးလက်မှ မြို့ပြများသို့ ရွှေ့ပြောင်းနေထိုင် လုပ်ကိုင်မှုများ တစ်စတစ်စ များပြားလာသည်ကို တွေ့ရမည်ဖြစ်သည်။ အမှန်တကယ်တွင် ကျေးလက်ဒေသများ ပြောင်းလဲ ဖွံ့ဖြိုးတိုးတက် လာပါက ရွှေ့ပြောင်း အခြေချမှု လျော့နည်းပြီး ကျေးလက်ဒေသများ ပိုမိုဖွံ့ဖြိုး တိုးတက်ကာ နိုင်ငံ့ စီးပွားရေးလည်း မြင့်မားတိုးတက်လာမည် ဖြစ်သည်။

ကျေးလက်ဒေသ ပြောင်းလဲ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် စိုက်ပျိုး ထုတ်လုပ်မှု စွမ်းအားမြင့်မားခြင်း၊ စီးပွားရေး လုပ်ငန်းများဖြစ်ထွန်းခြင်း၊ ဈေးကွက် ဝင်ထုတ်ကုန်များ ပိုလျှံစွာထွက်ရှိခြင်း၊ ကွဲပြားခြားနားသည့် ထုတ်လုပ်မှုပုံစံနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများစွာ ပေါ်ထွန်းလာခြင်း စသည်တို့ ဖြစ်ပေါ်လာရမည် ဖြစ်သည်။ ထို့အပြင် ဒေသအလိုက် သင့်လျော်သည့် လယ်ယာ ပြင်ပလုပ်ငန်းများ၊ စွန့်ဦးတီထွင်မှု အခွင့်အလမ်းများ၊ ဒေသဖွံ့ဖြိုးမှုနှင့် သက်ဆိုင်သည့် မူဝါဒများတွင် ပါဝင်နိုင်စွမ်း မြင့်မားလာရမည် ဖြစ်သည်။ ကျေးလက်ဒေသ ပြည်သူများသည် အဆိုပါ အခွင့်အလမ်းများနှင့် အကျိုးစီးပွားများကို ရရှိမည် ဖြစ်သကဲ့သို့ ကျေးလက် ဒေသစီးပွားရေးနှင့် ဖွံ့ဖြိုးမှု ကျယ်ပြန့်လာပြီး ရေရှည်ဖွံ့ဖြိုးသော ကျေးလက်ဒေသများ ဖြစ်လာမည်။

ကျေးလက်ဒေသများ ပြောင်းလဲဖွံ့ဖြိုးခြင်းဖြင့် မြေယာပိုင်ဆိုင်မှု၊ နည်းပညာ အသုံးပြုမှု၊ ကျေးလက်နေ ပြည်သူများ၏ စွမ်းဆောင်နိုင်မှု၊ မြို့ပြရောက် လုပ်သားများ မိမိတို့နေရင်း ဒေသများသို့ ပြန်လည် ပြောင်းရွှေ့လာပြီး ကျေးလက်ဒေသများ ဘက်စုံဖွံ့ဖြိုး တိုးတက်သည့် လူမှုစီးပွားနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြီးပြည့်စုံမှုတို့ ရရှိလာမည် ဖြစ်သည်။ နိုင်ငံတော် အစိုးရအနေဖြင့် ကျေးလက်ဒေသ ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် သောက်သုံးရေနှင့် လျှပ်စစ်ဓာတ်အားရရှိရေးကို ဆောင်ရွက်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အရင်းမပျောက် မတည်ငွေများ ထူထောင်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ကျေးလက် သန့်ရှင်းရေး၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုမှ ကာကွယ်ရေးကို သက်ဆိုင်ရာဌာနများက ဆောင်ရွက်ပေးခြင်း၊ တစ်နိုင်တစ်ပိုင် အိမ်တွင်းမှု ကုန်ထုတ်လုပ်ငန်းများကို နည်းပညာ၊ အရင်းအနှီး၊ ဈေးကွက်ရရှိရေး တို့ပါ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးလျက် ရှိသည်။

ထို့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများ ပြန်လည် ဦးမော့လာစေရန်၊ ငွေကြေး မတည်ငြိမ်မှုကြောင့် ရိုက်ခတ်လျက် ရှိသည့် အကျိုးဆက်များမှ ကာကွယ်နိုင်ရန်၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် ဈေးကွက် လိုအပ်ချက်နှင့် ပြည်တွင်းကုန်ထုတ်လုပ်မှု ဟန်ချက်ညီစေရန်၊ ပြည်နယ်နှင့် အခြား ဖွံ့ဖြိုးမှု နောက်ကျနေသေးသော ဒေသများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးပြီး မြို့ပြနှင့် ကျေးလက် ကွာဟမှုကို လျှော့ချပေးနိုင်ရေးအတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေအဖြစ် ငွေကျပ် ဘီလီယံ ၄၀၀ ထူထောင်ပြီး အကျိုးတူလယ်ယာစနစ်ကို တိုင်းဒေသကြီးများနှင့် မြစိမ်းရောင် စိုက်ပျိုးမွေးမြူရေး စီမံကိန်းများအား ဒေသအလိုက် ဆောင်ရွက်ပေးနိုင်ရန် စီမံဆောင်ရွက်နေပြီ ဖြစ်သည်။

သို့ဖြစ်ရာ ကျေးလက်ဒေသများ ပြောင်းလဲ ဖွံ့ဖြိုးတိုးတက်မှ နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်လာပြီး အားလုံး တန်းတူညီမျှ ဖွံ့ဖြိုးတိုးတက်မည် ဖြစ်၍ ကျေးလက်ဒေသ ပြောင်းလဲ ဖွံ့ဖြိုး တိုးတက်ရေးကို အားလုံးဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။