နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာလ ၁၈ ရက်နေ့က မွန်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် “နိုင်ငံတစ်ခုသည် စီးပွားရေးမောင်းနှင်အား၊ နိုင်ငံရေးအားနှင့် ကာကွယ်ရေးစွမ်းအားကောင်းရန်လိုကြောင်း၊ စီးပွားရေးမောင်းနှင်အားကောင်းမွန်ပါက နိုင်ငံရေးနှင့် ကာကွယ်ရေးစွမ်းအားများလည်း ကောင်းမွန်လာမည်ဖြစ်ပြီး အင်အားကောင်းသည့်နိုင်ငံတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း” ပြောကြားချက်ကို မှတ်သားရပါသည်။
ကမ္ဘာ့သမိုင်းကိုလေ့လာကြည့်လျှင် စီးပွားရေးကောင်းမွန်သော၊ အလုပ်ကောင်းကောင်းလုပ်နိုင်သောနိုင်ငံများသည် နိုင်ငံအင်အားအဘက်ဘက်တွင် တောင့်တင်းခိုင်မာပြီး စစ်ဘေးစစ်ဒဏ် မည်မျှထိခိုက်ခံရသည်ဖြစ်စေ နိုင်ငံကို ပြန်လည်ထူမတ်ကာ အင်အားကောင်းအောင် ပြုလုပ်နိုင်စွမ်းရှိသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံ၏အရေးအရာ ကဏ္ဍအသီးသီးတွင် စီးပွားရေးသည် အဓိကကျသောကဏ္ဍအဖြစ် ရပ်တည်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိပြီး တိုင်းပြည်၏ အခြေခံကောင်းများနှင့် အလုပ်လုပ်နိုင်သော စွမ်းပကားများ ပေါင်းစပ်လိုက်ပါက အင်အားတောင့်တင်းသော တိုင်းပြည်ဖြစ်နိုင်သည်။
မြန်မာနိုင်ငံသည် ရေခံမြေခံကောင်းများရှိပြီးဖြစ်၍ စီးပွားရေးကောင်းမွန်အောင် ဆောင်ရွက်နိုင်သည်။ အစဉ်အဆက် စိုက်ပျိုးရေးကိုအခြေခံပြီး စီးပွားရေး ကောင်းမွန်အောင်ဆောင်ရွက်ခဲ့ကာ မျက်မှောက်ကာလတွင် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ပြည်တွင်းထုတ်ကုန်များကို ဦးစားပေးဆောင်ရွက်နေသည်။ ပြည်တွင်းစီးပွားရေး၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အများဆုံးဆောင်ရွက်သောကြောင့် ယင်းကိုတိုးတက်အောင် မြှင့်တင်ဆောင်ရွက်နိုင်ပါက မလွဲမသွေအောင်မြင် လာမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးအကျပ်အတည်းများဖြစ်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးကို အလျဉ်မီအောင်လုပ်ကိုင်နိုင်သဖြင့် ကုန်စည်ဈေးနှုန်း မြင့်တက်သော်လည်း စားနပ်ရိက္ခာပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ခြင်းမရှိပေ။
ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများသည် စိုက်ပျိုးမွေးမြူရေးအပါအဝင် ကုန်ထုတ်လုပ်ငန်းများကို စက်မှုကိုအခြေခံ၍ လုပ်ကိုင်ဆောင်ရွက်ကြသည်။ အဆိုပါနိုင်ငံများမှ MSME လုပ်ငန်းများသည် စက်မှုကဏ္ဍဝင်ငွေ၏ ၉၀ ရာခိုင်နှုန်းခန့်ရှိသည်။ မြန်မာနိုင်ငံတွင် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ၌ MSME လုပ်ငန်းများသည် အရေးပါသည့်ကဏ္ဍများတွင်ပါဝင်နေသဖြင့် MSME လုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်ခြင်းသည် နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေသည်။ ပြည်တွင်းလိုအပ်ချက်ကို ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်သဖြင့် ပြည်ပထွက်ငွေကို လျှော့ချနိုင်ပြီး ပြည်တွင်းကုန်စည်ဈေးနှုန်းကြီးမြင့်မှု ဖြေရှင်းနိုင်မည်ဖြစ်သည်။ ပြည်တွင်း၌ ဈေးနှုန်းများကြီးမြင့်လာခြင်းတွင် နိုင်ငံခြားငွေတန်ဖိုးနှင့်လည်း သက်ဆိုင်သလို ဝယ်လိုအားနှင့် ရောင်းလိုအားမမျှတမှု၊ ကုန်ပစ္စည်းရှားပါးမှုနှင့်လည်း သက်ဆိုင်သည်။
ပြည်တွင်းကုန်ထုတ်လုပ်မှုများကို လုံလောက်ပိုလျှံစွာ ဆောင်ရွက်နိုင်မည်ဆိုပါက ဝယ်လိုအားနှင့် ရောင်းလိုအားမျှတလာပြီး ရောင်းလိုအားများလာသောကြောင့် ကုန်ပစ္စည်းဈေးနှုန်းများ လျော့ကျလာမည်ဖြစ်သည်။ သို့သော် ပြည်တွင်းထုတ်ကုန်များ၏ အရည်အသွေးနှင့်အာမခံမှုကိုမူ ပိုမိုခိုင်မာကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်တွင်းထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေးကို ပြည်ပကုန်ပစ္စည်းများ၏ အရည်အသွေးနှင့်လိုက်မီအောင် ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်သည်။ ပြည်ပသွင်းကုန်အစားထိုးကုန်ပစ္စည်းများကို နိုင်ငံအတွင်း၌ အရည်အသွေးမီအောင် ထုတ်လုပ်ခြင်းနှင့် ပြည်ပသို့ပါတင်ပို့နိုင်အောင် ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်း/ပြည်ပ စီးပွားရေးလုပ်ငန်းများ ကောင်းမွန်လာမည်ဖြစ်သည်။
ပြည်တွင်းကုန်ပစ္စည်းများ မြှင့်တင်တိုးတက်ထုတ်လုပ်ရာတွင် လျှပ်စစ် ဓာတ်အားကဏ္ဍ၊ လူသားအရင်းအမြစ်ကဏ္ဍကဲ့သို့ အရေးပါသည့်ကဏ္ဍများ လုံလောက်ပြည့်စုံမှုရှိစေရန် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးရေးကိုအခြေခံသည့် စက်မှုစီးပွားကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လောင်စာစွမ်းအင်နှင့် နည်းပညာကဏ္ဍသည် အရေးကြီးသဖြင့် ယင်းကဏ္ဍများဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ယင်းကဏ္ဍများ ဖွံ့ဖြိုးတိုးတက်မှသာလျှင် အဆင့်အတန်းမြင့်မားသော ကုန်ပစ္စည်းများကို အလျှံ အပယ်ထုတ်လုပ်နိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ စိုက်ပျိုးမွေးမြူရေးကိုအခြေခံပြီး MSME စက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး စီးပွားရေးတိုးတက်ကောင်းမွန်လာပါက အင်အားတောင့်တင်းခိုင်မာသည့်နိုင်ငံအဖြစ် ရပ်တည် နိုင်မည်ဖြစ်ပါကြောင်း။ ။