ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးမွေးမြူထုတ်ကုန်များ ပြည်ပသို့ ပိုမိုတင်ပို့ရောင်းချနိုင်ရေးတို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့်အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိရာတွင် အကျိုးတူလယ်ယာ (Contract Farming) စနစ်ကို အကောင်အထည်ဖော်လျက်ရှိသည်။ အကျိုးတူလယ်ယာစနစ်ဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် (၁) တောင်သူအစုအဖွဲ့ သို့မဟုတ် တောင်သူသမဝါယမများ၊ (၂) သွင်းအားစုကုမ္ပဏီများနှင့် (၃) အကျိုးတူလယ်ယာစနစ်တွင် ပါဝင်ဆောင်ရွက်မည့် ဆန်စက်၊ ဆီစက်၊ ပဲခွဲစက်ပိုင်ရှင်များ သို့မဟုတ် ပို့ကုန်လုပ်ငန်းရှင်များဟူ၍ အုပ်စုသုံးစုပါဝင်ပြီး စာချုပ်ချုပ်ဆို ဆောင်ရွက်ကြရခြင်းဖြစ်သည်။
အကျိုးတူလယ်ယာစနစ် ဆောင်ရွက်ခြင်းတွင် ပါဝင်သည့် အုပ်စုသုံးစုတို့ အကျိုးအမြတ်ကိုယ်စီရရှိရေးတွင် တောင်သူများအတွက် သီးနှံများ၏ ဈေးနှုန်းနှင့် ဈေးကွက်တို့ သေချာရေရာပြီး ဝင်ငွေပိုမိုရရှိနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာခြင်း၊ သွင်းအားစုကုမ္ပဏီများအတွက်လည်း မိမိတို့ကုမ္ပဏီ၏ မြေဩဇာ၊ မျိုးစေ့များ၊ စိုက်ပျိုးရေးဆေး များအတွက် ပိုမိုကျယ်ပြန့်သေချာခိုင်မာသည့် ဈေးကွက်ကိုရရှိနိုင်ခြင်း၊ ဆန်စက်၊ ဆီစက်၊ ပဲခွဲစက်ပိုင်များနှင့် ပြည်ပပို့ကုန်လုပ်ငန်းရှင်များအတွက် အရည်အသွေးကောင်းမွန်သည့် သီးနှံထုတ်ကုန်များ ရရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ကိုယ်စီရရှိကြမည်ဖြစ်သည်။ ယင်းသို့ ရရှိနိုင်ရန်မှာ တောင်သူများ၏ လုံ့လဝီရိယနှင့် အားထုတ်ကြိုးပမ်းမှု၊ သွင်းအားစုကုမ္ပဏီများက အရည်အသွေးကောင်းမွန်သည့် ဓာတ်မြေဩဇာ၊ မျိုးစေ့၊ ဆေး စသည့် သွင်းအားစုများကို အချိန်နှင့်တစ်ပြေးညီ မှန်ကန်စွာ ထုတ်ပေးမှု၊ စက်ပိုင်များနှင့် ပို့ကုန်လုပ်ငန်းရှင်များကလည်း သမာသမတ်ကျကျ မျှတစွာ ဝယ်ယူမှုများ စသည်ဖြင့် သုံးစုသုံးဖလှယ် ဟန်ချက်ညီကြရန် လိုသည်။ စုပေါင်းညီညာ၊ စုပေါင်းဆောင်ရွက်ကြရခြင်းပင်ဖြစ်ရာ ညီညီညွတ်ညွတ် ကြိုးပမ်းကြသည်နှင့်အမျှ အောင်မြင်မည်ဖြစ်ပြီး အကျိုးအမြတ်ကိုယ်စီ ဖြစ်ထွန်းကြမည်ဖြစ်သည်။
ယခုအခါ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နွေစပါးနှင့် ဆောင်းပဲတီစိမ်း သီးနှံများ အကျိုးတူ လယ်ယာစနစ်ဖြင့် ဆောင်ရွက်ရေးအတွက် ကုမ္ပဏီများကို ဖိတ်ခေါ်ထားပြီဖြစ်သည်။ အကျိုးတူလယ်ယာ စနစ်ဖြင့် နွေစပါးသီးနှံကို နေပြည်တော်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဧက ၈ ဒသမ ၅ သိန်းကိုလည်းကောင်း၊ အကျိုးတူလယ်ယာ စနစ်ဖြင့် ဆောင်းပဲတီစိမ်းသီးနှံကို ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် ဧက ငါးသိန်းကို လည်းကောင်း စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ရာ နွေစပါးတစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှင့် ညီမျှသည့် သွင်းအားစုများကိုလည်းကောင်း၊ ဆောင်းပဲတီစိမ်းတစ်ဧကလျှင် ငွေကျပ် တစ်သိန်း နှစ်သောင်းနှင့် ညီမျှသည့် သွင်းအားစုများကိုလည်းကောင်း ပံ့ပိုးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
နွေစပါးနှင့် ဆောင်းပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မှုအတွက် နိုင်ငံတော်ချေးငွေ ၄၀၀ ဘီလီယံမှ ၂၃၀ ဘီလီယံကို အသုံးပြုသွားမည်ဖြစ်ရာ နိုင်ငံတော်၏ ထူးထူးခြားခြား ပံ့ပိုးကူညီ အားပေးမှုများနှင့်အတူ အကျိုးတူလယ်ယာစနစ်တွင် ပါဝင်မည့် တောင်သူနှင့် လုပ်ငန်းရှင်အဖွဲ့အစည်းများ၏ ကြိုးပမ်းအားထုတ်မှုများဖြင့် စိုက်ပျိုးထုတ်ကုန်များ ထုတ်လုပ်မှု မြင့်မားတိုးတက်၍ အကျိုးအမြတ်များစွာ ဖြစ်ထွန်းကာ လူမှုစီးပွားဘဝများ မြှင့်တင်နိုင်ကြပါစေကြောင်း။ ။