Skip to main content

တည်ငြိမ်အေးချမ်းရေးအတွက်ဆောင်ရွက်

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသော မငြိမ်းချမ်းသည့် လက်နက်ကိုင်ပဋိပက္ခများကို ယနေ့ထက်တိုင် တွေ့မြင်နိုင်သည်။ ခေတ်အဆက် ဆက်အစိုးရများနှင့် လက်ရှိကာလထိတိုင် တိုင်းပြည်ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းနေသည်။ သို့သော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့မှာ ငြိမ်းချမ်းရေးကိုမလိုလားဘဲ ၎င်းတို့၏ခံယူချက်၊ ၎င်းတို့၏အကျိုးစီးပွားကိုသာရှေးရှု၍ တည်ငြိမ်မှုပျက်စီးအောင် အစဉ်တစိုက်ပြုလုပ်နေသည်ကို တွေ့ရမည်ဖြစ်သည်။

ကချင်ပြည်နယ်အတွင်းသာ စုဖွဲ့လှုပ်ရှားသည့် KIA အဖွဲ့သည် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးကိုအခွင့်ကောင်းယူ၍ ကချင်ပြည်နယ်နှင့် ထိစပ်နေသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ PDF အမည်ခံအကြမ်းဖက်သမားများကိုစုစည်း၍ အကြမ်းဖက်ဖျက်ဆီးမှုများ ပြုလုပ်နေသည်။ ယခု မြစ်ကြီးနား၊ ဗန်းမောက်၊ ကသာ၊ ထီးချိုင့် ကားလမ်းတစ်လျှောက်နှင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် သွားလာလျက်ရှိသည့် ခရီးသွားပြည်သူများနှင့် ယန္တရားများအား နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်လျက်ရှိသည့်အပြင် ဗန်းမောက်နှင့် ပင်လည်ဘူးမြို့နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာရုံးအဆောက်အအုံများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ၂၀၂၂ ခုနှစ်အတွင်း အင်အားသုံး၍ အနီးကပ်နှင့်အဝေးမှ နှောင့်ယှက်ပစ်ခတ်ခြင်း (၇၈) ကြိမ် ပြုလုပ်ခဲ့သည်။

KIA တပ်မဟာ(၉)နှင့်နောက်လိုက် KIA အဖွဲ့များသည် ဖားကန့်နယ်မြေနှင့် ခန္တီး၊ ဟုမ္မလင်းနယ်မြေစပ်ကြား ဆည်ဇင်းကျေးရွာနှင့် ပတ်ဝန်းကျင်နေရာများသို့ PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့နှင့်အတူ သာလွန်အင်အားဖြင့် (၉)ကြိမ် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခြင်း၊ ဆက်စပ်နယ်မြေအတွင်း ပြန်ပေးဆွဲခြင်း၊ ဆက်ကြေးကောက်ခြင်း၊ ခန္တီးမြို့အနီး တရားဝင်ကျောက်စိမ်းလုပ်ကွက်ရှိ လုံခြုံရေးရဲစခန်းကို ၂၀၂၁ ခုနှစ် မေလတွင် သာလွန်အင်အားဖြင့် ဝင်ရောက်စီးနင်း တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ကံဆီး၊ လုံးခင်း၊ ဖားကန့်ရဲစခန်းများအား အကြိမ်ကြိမ်နှောင့်ယှက်တိုက်ခိုက်ခြင်းများအပြင် ကံဆီး၊ လုံးခင်း၊ နန့်ယား၊ မိုးကောင်း ကားလမ်းတစ်လျှောက်နှင့် တပ်မတော်စခန်းများအား ၂၀၂၁ ခုနှစ်မှ ယနေ့အထိ အလစ်အငိုက်ယူကာ (၁၁)ကြိမ်အထိ နှောင့်ယှက်တိုက်ခိုက်ခြင်း စသည်တို့ကို အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့်ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဖားကန့်မြို့နယ်အတွင်း လုံခြုံရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ဖားကန့်တေးဂီတဖျော်ဖြေပွဲအား တပ်မတော်လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် အပြစ်မဲ့ပြည်သူများနှင့် ကချင်ဝါရင့် အဆိုရှင်အချို့ သေဆုံးခဲ့ကြောင်း လူမှုကွန်ရက်တွင် ကောလာဟလသတင်းများ လွှင့်ထုတ်ခဲ့သည်။ ဖြစ်ပွားသည့်နေရာအတိအကျမှာ ဖားကန့်နယ်မြေအတွင်းရှိ နိုင်ငံပိုင်သဘာဝသယံဇာတ ကမ္ဘာကျော်ကျောက်စိမ်းများကို တရားဝင်/တရားမဝင် တူးဖော်နေသည့် ကုမ္ပဏီများနှင့် ရေမဆေးကျောက်သမားများအပေါ် အဓမ္မကုပ်သွေးစုပ်ခြိမ်းခြောက်၊ ငွေညှစ်၊ ဆက်ကြေးကောက်ရန် KIA နှင့် KIO ဗဟိုအဖွဲ့မှစုစည်းထားသည့် KIA တပ်မဟာ(၉) လက်နက်ကိုင်အဖွဲ့၏ အခြေပြုနေရာဖြစ်ပြီး ပြည်သူများနေထိုင်သောနေရာမဟုတ်ပေ။

လက်ရှိအခြေအနေတွင် KIA အဖွဲ့၏ရပ်တည်ချက်နှင့်လုပ်ရပ်များကို အားလုံး အထင်အရှားတွေ့မြင်ကြားသိကြရမည်ဖြစ်သည်။ ယခု အောက်တိုဘာလ ၂၁ ရက်၊ ၂၂ ရက်၊ ၂၃ ရက်နေ့များတွင် မိုးမောက်မြို့နယ်အနီးရှိ တပ်မတော်စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြိမ်ကြိမ် ပြင်းထန်စွာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့်အပြင် ဗန်းမောက်သို့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် သယ်ယူပို့ဆောင်ပေးနေသည့် ခရီးသည်တင်ရေယာဉ်များနှင့် စက်လှေများကို ကသာ၊ ရွှေကူနှင့် ဗန်းမော်ကြား၌ အကြိမ်ကြိမ် အကြောင်းမဲ့ပစ်ခတ်နေမှုများကြောင့် တပ်မတော်အနေဖြင့် KIA တပ်မဟာ(၉) နယ်မြေအား လိုအပ်သောစစ်ဆင်ရေးများကို တန်ပြန်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းတု၊ သတင်းလိမ်နှင့် သတင်းမှားများ ဖော်ပြ၍ ကောလာဟလသတင်းများ ဖြန့်ဝေနေသော အွန်လိုင်းမီဒီယာများနှင့် ပြည်ဖျက်မီဒီယာများက ပြည်သူ ၅၀ ကျော်နှင့် အနုပညာရှင်များ သေဆုံးခဲ့သည်ဟု မဟုတ်မမှန်သတင်းများထုတ်လွှင့်ခဲ့သည်။ လက်ရှိတွင် ထပ်မံပေါ်ထွက်လာသော အတည်မပြုနိုင်သည့် အွန်လိုင်းသတင်းများ၊ မြေပြင်သတင်းများနှင့် လိုင်ဇာ၊ KIA ဗဟိုဌာနချုပ်၏ အတွင်းသတင်းများအရ KIA တပ်မဟာမှူးအဆင့်ရှိ ရှရော်လဆိုင်း၊ ဒုတပ်မဟာမှူးအဆင့်ရှိ ဇယ်တောင်၊ တိုက်နယ်မှူးအဆင့်ရှိ ဒူကဘာလအောင်၊ သယံဇာတတိုင်းတာရေးတာဝန်ခံဆိုသူ ဖေရန်အပါအဝင် KIA နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များသာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သတင်းများပေါ်ထွက်လာသည်။

သို့ဖြစ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် လိုအပ်သည့် သောင်းကျန်းသူချေမှုန်းရေး၊ စစ်ဆင်ရေးများကို ဂျီနီဗာကွန်ဗင်းရှင်း (၄) ရပ်ကို အခြေခံသော လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်ပြန်ထားသည့် ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းအတိုင်း ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း။          ။