နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် ၉ ရပ်တွင် “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး”ဟူသော လူမှုရေးဦးတည်ချက် တစ်ရပ်ပါဝင်သည်။ မိမိတို့နိုင်ငံ၏ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင် စာရင်းအရ အသက် ၂၅ နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူများတွင် အလယ်တန်း အဆင့်နှင့် ၎င်းအဆင့်၏အောက် ပညာအရည်အချင်းမျှသာရှိသူ စုစုပေါင်း ၁၈ ဒသမ ၂ သန်း ခန့်ရှိနေရာ နိုင်ငံ့လူဦးရေ၏ သုံးပုံတစ်ပုံခန့်ရှိနေသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် နိုင်ငံသားများ၏ ပညာရည်မြင့်မားရေးသည် အဓိကအရေးပါသည့်အလျောက် တစ်မျိုးသားလုံး ပညာရည်မြင့်မားရေးအတွက် နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိသည်။
ပညာရေးဝန်ကြီးဌာန Naypyitaw State Academy ကို နိုဝင်ဘာလ ၉ ရက်က နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူ သီရိမြို့နယ်တွင် ဖွင့်လှစ်လိုက်ပြီဖြစ်ရာ သမိုင်းအစဉ်အလာ ကြီးမားသည့် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့နည်းတူ နိုင်ငံ၏အုပ်ချုပ်ရေးမြို့တော်တွင် ထိပ်တန်းတက္ကသိုလ်တစ်ခု ပေါ်ထွန်းလာခြင်းပင်ဖြစ်သည်။ နေပြည်တော် ကောင်စီနယ်မြေတွင် သစ်တောတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးနှင့် ကုသရေးတက္ကသိုလ်တို့ ရှိနှင့်ပြီးဖြစ်ရာ ယခု Naypyitaw State Academy နှင့် မကြာမီအဆင့်တိုးမြှင့်ဖွင့်လှစ်လာမည့် နည်းပညာတက္ကသိုလ်တို့ဖြင့် ပညာရေးမြို့တော်အဖြစ် နိုင်ငံ့ဝန်ထမ်းမိသားစုများ၏ သားသမီးများ၊ ဒေသခံပြည်သူများ၏သားသမီးများ နိုင်ငံတကာအဆင့်မီ အဆင့်မြင့်ပညာရပ်များကို လေ့လာသင်ယူနိုင်ကြတော့မည်ဖြစ်သည်။
Naypyitaw State Academy ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားခဲ့ရာ “Naypyitaw State Academy ကို အရည်အသွေးမြင့်သည့် သင်ကြားသင်ယူမှုနည်းစနစ်များ၊ နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများ၊ ခေတ်မီ သင်ထောက်ကူပစ္စည်းများ၊ ခေတ်မီလက်တွေ့ခန်းသုံးပစ္စည်း များ၊ သုတေသနဓာတ်ခွဲခန်းများ၊ ခေတ်မီစာကြည့်တိုက်များ စသည့်လိုအပ်သော Facilities များ အပြည့်အစုံဖြည့်ဆည်းကာ စာသင်ကောင်းပြီး အမှန်တကယ်တော်သည့် ဆရာများက သင်ကြားကာ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်များကဲ့သို့ ထိပ်တန်းတက္ကသိုလ်ကြီး တစ်ခုဖြစ်အောင် ဖွင့်လှစ်တည်ထောင်မြှင့်တင်သွားမည်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများကိုလည်း ဉာဏ်ရည်ထက်မြက်ပြီး စဉ်းစား တွေးခေါ်မှုမြင့်မားသည့် အသိပညာ၊ အတတ်ပညာများနှင့် ပြည့်စုံသော ဘွဲ့ရပညာတတ်၊ ပညာရှင်ကြီးများဖြစ်အောင် သင်ကြားလေ့ကျင့် မွေးထုတ်ပေးသွားမည်ဖြစ်ပါကြောင်း၊ အရေအတွက်ထက် အရည်အသွေးကို ဦးစားပေးသွားမည်ဖြစ်ပြီး နောင်တွင်အရည်အသွေးမြင့်မားသည့် ပညာရှင်များ အရေအတွက် များများမွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
အခြေခံပညာသင်ယူမှုပြီးမြောက်၍ အဆင့်မြင့်ပညာများကို တက္ကသိုလ်၌သင်ယူရာတွင် ကျောင်းသား ကျောင်းသူများသည် မိမိကိုယ်ကိုယ် ထိန်းသိမ်းနေထိုင်ကာ သင်ကြားလေ့လာမှုပုံစံအသစ်၊ နယ်ပယ်အသစ်တွင် ပညာရှာဖွေဆည်းပူးကြရခြင်းဖြစ်ရာ အစဉ်အလာကြီးမားသည့် တက္ကသိုလ်ကျောင်းသူ ကျောင်းသားများကို အများကအထင်ကြီးလေးစားအားကျ ကြရမြဲဖြစ်သည်။ နိုင်ငံတကာအဆင့်မီ ပေါ်ထွန်းလာသည့် တက္ကသိုလ်ကျောင်းတော်ကြီးတွင် သင်ကြား၊ သင်ယူရင်း မိမိတို့၏ဂုဏ်၊ တက္ကသိုလ်ကြီး၏ ဂုဏ်ကို မြှင့်တင်နိုင်ကြပါစေကြောင်း။ ။