နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေး မှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဟူသည့် လူမှုရေး ဦးတည်ချက်သုံးရပ်ကို လက်တွေ့အကောင်အထည်ဖော်လျက်ရှိသည်။
အဆိုပါ လူမှုရေးဦးတည်ချက်သုံးရပ်သည် နိုင်ငံတော်၏မျက်မှောက်ကာလနှင့် အနာဂတ်ကာလအတွက် အရေးပါသောအချက်များဖြစ်သည်။ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်၊ အမျိုးသားယဉ်ကျေးမှုတို့နှင့်သက်ဆိုင်သည့် စိတ်ဓာတ်များနှင့် ဝိသေသလက္ခဏာများသည် မြန်မာနိုင်ငံအတွက် အရေးကြီးသောအချက်များဖြစ်သည်။ ခိုင်ကျည်မြဲမြံသည့် အဆိုပါအချက်များဖြစ်ထွန်းနေ၍သာ ပြည်ထောင်စုကြီးသည် နှစ်ပေါင်းထောင်ချီယနေ့ထက်တိုင် တည်တံ့ခိုင်မြဲနေခြင်းဖြစ်သည်။ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်၊ အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ လျော့ပါးလာပါက တိုင်းပြည်စည်းလုံးညီညွတ်မှုလျော့နည်းလာပြီး အန္တရာယ်အသွယ်သွယ် ကျရောက်လာနိုင်သည်။
မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းထောင်ချီကာလကတည်းက ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် ဂုဏ်ထည်ဝါစွာနေထိုင်ခဲ့သည့် နိုင်ငံဖြစ်သည်။ သို့သော် နယ်ချဲ့ဗြိတိသျှတို့၏ကျူးကျော်မှုကြောင့် ကျွန်ဘဝသို့ကျရောက်ခဲ့ပြီး ထီးသုဉ်းနန်းသုဉ်းဖြင့် ဘုရင်စနစ်ကွယ်ပျောက်ခဲ့သည်။ နယ်ချဲ့တို့သည် ဇာတိမာန်ထက်သန်သော မြန်မာတို့၏စိတ်ဓာတ်များနှင့် ယဉ်ကျေးမှု၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု၊ ပညာရေး၊ လူမှုရေးတို့ကို နည်းမျိုးစုံဖြင့်ဖိနှိပ်ချုပ်ချယ်ဖျောက်ဖျက်ကာ ကျွန်သက်ရှည်အောင်ပြုလုပ်ခဲ့သည်။ မတတ်သာ၍လွတ်လပ်ရေးပေးခဲ့ရသော်လည်း စည်းလုံးညီညွတ်မှုပျက်ယွင်းသည့် ဆိုးမွေများကျန်ရစ်အောင်ဖန်တီးခဲ့၊ ဖန်တီးနေဆဲအခြေအနေများကိုလည်း သုံးသပ်ဆင်ခြင်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ဖြစ်ပေါ်ခဲ့သည့် သမိုင်းသင်ခန်းစာများနှင့် မျက်မှောက်ကာလအခြေအနေများကို ဆင်ခြင်မြော်တွေး၍ ချမှတ်ထားသည့် လူမှုရေးဦးတည်ချက်၏အရေးပါပုံကို သိရှိရမည်ဖြစ်သည်။ “အမျိုးသားရေးစိတ်ဓာတ်အခြေခံဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ခိုင်မြဲရေး၊ တိုင်းရင်းသားတို့၏ ညီညွတ်သောစုပေါင်းစွမ်းပကားဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး အောင်မြင်စွာတည်ဆောက်ရေးကို ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်လာအောင် စီမံဆောင်ရွက်လျက်ရှိပါသည်” ဟု နိုင်ငံတော်၏ရည်မှန်းချက်နှင့် ဆောင်ရွက်ချက်ကို (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားထားသည်။
နိုင်ငံတော်အနေဖြင့် သမိုင်းဖြစ်စဉ်ဖြစ်ရပ်များအပေါ် သင်ခန်းစာယူပြီး တိုင်းပြည်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မနားမနေဆောင်ရွက်လျက်ရှိရာ လွတ်လပ်ရေးနှင့်အတူ ဖြစ်ပေါ်လာခဲ့သည့်ပြည်တွင်းပဋိပက္ခများချုပ်ငြိမ်းအောင် ဆောင်ရွက်နေသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ်နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တို့ကိုအခြေခံ၍ ငြိမ်းချမ်းရေးလမ်းကြောင်းကို တည်ဆောက်လျက်ရှိသည်။ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး စစ်မှန်သည့်ငြိမ်းချမ်းရေးရရှိစေရန် တိုင်းဒေသကြီး၊ ပြည်နယ်၊ ဒေသအသီးသီးမှ သက်ဆိုင်ရာကိုယ်စားလှယ်များအား ဖိတ်ခေါ်ဆွေးနွေးကာ ပြည်ထောင်စုအကျိုး၊ တိုင်းရင်းသားတို့၏အကျိုးကိုရှေးရှု၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။ ဆွေးနွေးညှိနှိုင်းခြင်းဖြင့်သာ ကြုံတွေ့နေရသည့်အခက်အခဲနှင့် ပဋိပက္ခများကို ဖြေရှင်းနိုင်မည်ဖြစ်ပြီး ရည်မှန်းထားသည့် အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ်လာမည်။
အမျိုးသားရေးစိတ်ဓာတ်အခြေခံဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုခိုင်မြဲရေး၊ တိုင်းရင်းသားတို့၏ ညီညွတ်သောစုပေါင်းစွမ်းပကားဖြင့် ကြိုးပမ်းဆောင်ရွက်ကြမည်ဆိုလျှင် အောင်မြင်မှုပန်းတိုင်မှာ အလှမ်းမဝေးဟုဆိုရမည်ဖြစ်သည်။ အဓိကမှာ စည်းလုံးညီညွတ်မှုစွမ်းပကားဖြစ်သည်။ ကိုလိုနီနယ်ချဲ့လက်ဟောင်းလက်သစ်တို့၏ ရည်မှန်းချက်သည် ပြည်ထောင်စုအတွင်း စည်းလုံးညီညွတ်မှုပျက်ပြားရေးဖြစ်သည်ကို သတိပြုဆင်ခြင်ကြည့်ရမည်ဖြစ်သည်။ စည်းလုံးညီညွတ်မှုလျော့နည်းလာ၍ ပဋိပက္ခများဖြစ်ပေါ်နေသည်ကို မြင်တွေ့နိုင်သည်။ ဒီမိုကရေစီနှင့်အာဏာရှင်စနစ်ကို ခေါင်းစဉ်တပ်၍ ပြည်သူအချင်းချင်း စည်းလုံးညီညွတ်မှုပျက်ပြားအောင် ဖန်တီးနေသည်ကိုလည်း သတိပြုရမည်ဖြစ်သည်။
သို့ဖြစ်ရာ စည်းလုံးညီညွတ်ခြင်း၏အခြေခံဖြစ်သည့်၊ အစဉ်အလာကြီးမားခဲ့သည့် တိုင်းပြည်၏ဝိသေသလက္ခဏာများမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နေပြီး အမျိုးသားရေးစိတ်ဓာတ်အခြေခံဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုခိုင်မြဲအောင် အားထုတ်ကာ တိုင်းရင်းသားတို့၏ ညီညွတ်သောစုပေါင်းစွမ်းပကားဖြင့် အေးချမ်းသာယာဝပြောသောနိုင်ငံဖြစ်အောင် တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံအယ်ဒီတာ့အာဘော်