မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကို သိသိသာသာထိန်းချုပ်လာနိုင်သောကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများကို ပြန်လည်စတင်နေပြီဖြစ်သည်။ မြန်မာနိုင်ငံသည် ရေမြေသဘာဝနှင့်ယဉ်ကျေးမှုအမွေအနှစ်များ ပေါများကြွယ်ဝလှသဖြင့် နိုင်ငံတကာခရီးသွားဧည့်သည်များ စိတ်ဝင်စားမှုမြင့်မားသည့်နိုင်ငံဖြစ်သည်။ ယခုအခါဂျပန်ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးနေသူများအတွက် အရည်အသွေးမြှင့်တင်ရေး အသိပညာပေးဆွေးနွေးပွဲကို အာဆီယံ-ဂျပန် ဗဟိုဌာနနှင့်ပူးပေါင်း၍ ကျင်းပခဲ့သည်။
ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီးနိုင်ငံများသည် ခရီးသွားလုပ်ငန်းများကိုတွင်ကျယ်စွာ ဆောင်ရွက်ကြပြီး နိုင်ငံအများအပြားသို့ ဂျပန်ခရီးသွားဧည့်သည်များ နှစ်စဉ်သွားရောက်လည်ပတ်ကြသည်။ ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီ ၂၀၁၉ ခုနှစ်က ဂျပန်ခရီးသွားဧည့်သည် သန်း ၂၀ ခန့်သည် ကမ္ဘာ့နိုင်ငံများသို့ သွားရောက်လည်ပတ်ကြပြီး ၎င်းတို့အနက် အာဆီယံဒေသသို့ ၅ ဒသမ ၆ သန်းလည်ပတ်ကာ မြန်မာနိုင်ငံသို့ ဂျပန်ခရီးသွားဧည့်သည် တစ်သိန်းကျော်ခန့် လာရောက်လည်ပတ်ခဲ့သည်။ ဂျပန်ခရီးသွားဧည့်သည်များအတွက် ကမ္ဘာ့ခရီးသွားဈေးကွက်တွင် မြန်မာနိုင်ငံသည် အဓိကဦးတည်ဈေးကွက်အဖြစ်သတ်မှတ်ထားသည်။ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါအလွန်တွင် ခရီးသွားဈေးကွက်ကိုစတင်ရာ၌ ဂျပန်ခရီးသွားဧည့်သည်များသည် အလားအလာအကောင်းဆုံးဖြစ်နေသည်။
ယခုခရီးသွားအရည်အသွေးမြှင့်တင်ရေး(ဒုတိယအကြိမ်)ဆွေးနွေးပွဲကို “ခရီးသွားခြင်းသည် ကမ္ဘာ့စီးပွားရေးအတွက် အဖြေတစ်ရပ်”၊ “ခရီးသွားခြင်းသည် ကမ္ဘာကြီးအတွက် အဖြေတစ်ရပ်”၊ “ခရီးသွားခြင်းသည် ပိုမိုကောင်းမွန်သောအသက်မွေးဝမ်းကျောင်းအတွက် အဖြေတစ်ရပ်”စသည့်ခေါင်းစဉ်များဖြင့် ရှေးဟောင်းယဉ်ကျေးမှုပုဂံမြေတွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီမှ တာဝန်ရှိသူများနှင့်အတူ ဂျပန်နိုင်ငံမှ ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ဆော်ဒီအာရေဗျနိုင်ငံ၊ အီဂျစ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံမှတာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြရာ မြန်မာခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် အလားအလာကောင်းများဟုဆိုနိုင်သည်။ ထို့ကြောင့် လာမည့်ပွင့်လင်းရာသီတွင် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုမှတစ်ဆင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များအား အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်ကြရမည်ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် အများဆုံးထိခိုက်ခဲ့သောလုပ်ငန်းများတွင် ခရီးသွားလုပ်ငန်းများပါဝင်ခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကိုထိန်းချုပ်နိုင်သည့် အနေအထားသို့ရောက်ရှိလာသဖြင့် ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာအောင် ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သည်။ ရောဂါစတင်ဖြစ်ပွားသည့်အချိန်မှစ၍ နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စီးပွားရေးကုစားမှုစီမံကိန်းအရ နိုင်ငံတော်ဘဏ္ဍာငွေ၏ သုံးရာခိုင်နှုန်းမှလေးရာခိုင်နှုန်းအထိ သုံးစွဲရန်သတ်မှတ်ခဲ့သည်။ ယနေ့အချိန်အထိ ခရီးသွားကုမ္ပဏီ ၂၄၄ ခု၊ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၃၃၉ ခုတို့ကို ငွေကျပ် ၂၁ ဒသမ ၄ ဘီလီယံထုတ်ချေးပေးခဲ့ပြီးဖြစ်သည်။ နိုင်ငံပိုင်ဟိုတယ်များအတွက် ငှားရမ်းခကို ခြောက်လအထိ ရွှေ့ဆိုင်းပေးခဲ့သည့်အပြင် ၂၀၂၀ ပြည့်နှစ်ဧပြီလမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ ၂၁ လကို ငှားရမ်းခ ၅၀ ရာခိုင်နှုန်း လျှော့ချပေးခြင်း၊ ဟိုတယ်၊ မိုတယ်၊ ခရီးသွားလုပ်ငန်းများနှင့် ဧည့်လမ်းညွှန်များ၏ လုပ်ငန်းလိုင်စင်ကြေးများကို တစ်နှစ်စာကင်းလွတ်ခွင့်ပြုခြင်းများ ကူညီဖြေလျှော့ဆောင်ရွက်ပေးခဲ့သည်။
ယခုအခါ ပွင့်လင်းရာသီတွင် ခရီးသွားလုပ်ငန်းများပြန်လည်စတင်နေပြီး နိုင်ငံတကာခရီးသွားလုပ်ငန်းများကလည်း မြန်မာနိုင်ငံနှင့်အတူလက်တွဲ၍ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်းကြံဆဆောင်ရွက်နေကြပြီဖြစ်ရာ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာပြီး နိုင်ငံ့စီးပွားမြင့်မားတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိနိုင်ငံပေါင်း ၁၀၀ ကျော်သည် ခရီးသွားလုပ်ငန်းများကို ပြန်လည်စတင်နေပြီဖြစ်ပြီး ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်လိုက်သောကြောင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ကမ္ဘာလှည့်ခရီးသည် သန်း ၂၅၀ ကျော်လည်ပတ်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် စီးပွားရေးအပိုင်းတွင်လည်းကောင်း၊ တည်ငြိမ်အေးချမ်းမှုအပိုင်းတွင်လည်းကောင်း အခြေအနေကောင်းများရရှိလာပြီး ခရီးသွားလုပ်ငန်းများလည်း တိုးတက်လာပြီဖြစ်၍ ခရီးသွားလုပ်ငန်းဖြင့် စီးပွားရေးအတွက်ကောင်းမွန်သော အဖြေတစ်ခုထွက်လာအောင် ကြိုးပမ်းအားထုတ်ရမည်ဖြစ်သည်။
သို့ဖြစ်ရာ ခရီးသွားခြင်းသည် ကမ္ဘာ့စီးပွားရေးအတွက် အဖြေတစ်ရပ်ဖြစ်သလို မြန်မာ့စီးပွားရေးအတွက်လည်း အလားအလာကောင်းများဖြစ်၍ ယခုပွင့်လင်းရာသီတွင် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ,အယ်ဒီတာ့အာဘော်