လျှပ်စစ်ဓာတ်အားသည် နိုင်ငံဖွံ့ဖြိုးရေးအတွက်အရေးကြီးသလို နေ့စဉ်လူနေမှုဘဝများအတွက်လည်း အရေးကြီးသည်။ တစ်နှစ်ထက်တစ်နှစ် ပိုမို၍ လိုအပ်ချက်မြင့်မားလာနေသော လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နိုင်ငံတော်ကကြိုးပမ်းဆောင်ရွက်နေပြီး ၂၀၃၀ ပြည့်နှစ်တွင် ရာနှုန်းပြည့်ဖြည့်ဆည်းနိုင်ရန် ရည်မှန်းထားသည်။ ထို့ပြင် နှစ်စဉ်အမေရိကန်ဒေါ်လာ နှစ်ဘီလီယံဖိုးခန့်တင်သွင်းနေရသည့် စက်သုံးဆီများဝယ်ယူနေရမှုကို လျှော့ချနိုင်ရေးအတွက် ပြည်တွင်းရှိ ဒီဇယ်ဆီသုံးသည့် စက်မှုလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် လျှပ်စစ်စွမ်းအင်ကို အစားထိုးသုံးစွဲသွားရန်မျှော်မှန်းထားရာ ပြည်တွင်းရှိအရင်းအမြစ်ပေါင်းစုံတို့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သွားနိုင်ရန်လည်း နိုင်ငံတော်ကဆောင်ရွက်လျက်ရှိသည်။
“မိမိတို့နိုင်ငံတွင် ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သည့် ရေအရင်းအမြစ်များစွာရှိကြောင်း၊ ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းသည် အရင်းအနှီးကြီးမားသော်လည်း ရေရှည်အတွက် ကောင်းမွန်သည့်လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းသည်လည်း များစွာအကျိုးဖြစ်ထွန်းစေကြောင်း၊ မကြာမီကာလအတွင်း နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးချနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အား၊ စိုက်ပျိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များတွင် အသုံးချနိုင်ရေးကြိုးပမ်းဆောင်ရွက်နေကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်တွင် ပြောကြားခဲ့သည်။ ပြည်တွင်းကုန်ထုတ်လုပ်ရေးတွင် အရေးပါသည့်စက်မှုလုပ်ငန်းများအတွက် လျှပ်စစ်စွမ်းအင်သည် မရှိမဖြစ်လိုအပ်သည့်အလျောက် ရေအား၊ နေရောင်ခြည်၊ နျူကလီးယား စသည်ဖြင့် နည်းလမ်းပေါင်းစုံဖြင့် ဓာတ်အား ထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
နိုင်ငံနှင့်ပြည်သူတို့၏ လိုအပ်ချက်ဖြစ်သည့် လျှပ်စစ်ဓာတ်အားကို တိုးချဲ့ထုတ်လုပ်၊ ဖြန့်ဖြူးနိုင်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိရာ NUG နှင့် ၎င်း၏လက်ဝေခံ PDF အကြမ်းဖက်သောင်းကျန်းသူတို့၏ လုပ်ကြံသတ်ဖြတ်မှု၊ ဖောက်ခွဲဖျက်ဆီးမှု၊ နှောင့်ယှက်တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရသည်။ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ဝန်ထမ်းများကို ၂၄ ကြိမ် လုပ်ကြံပစ်ခတ်ခံခဲ့ရပြီး ဓာတ်အားပေးစက်ရုံ၊ ခွဲရုံ၊ ရုံးနှင့်ဝန်ထမ်းအိမ်ရာများကို ၂၀၉ ကြိမ် ဖောက်ခွဲပစ်ခတ်ဖျက်ဆီးခံခဲ့ရသည်။ မဟာ ဓာတ်အားလိုင်း တာဝါတိုင် ၄၈ တိုင်နှင့် ဖြန့်ဖြူးရေးလိုင်း ၄၉ တိုင် ဖောက်ခွဲဖျက်ဆီးခံရသဖြင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်လျက်ရှိသည့် ဓာတ်အား ၁၆၀ မဂ္ဂါဝပ်ခန့် လျော့နည်းခဲ့ရသည်။ လျှပ်စစ်ဝန်ထမ်း ၁၉ ဦး အသက်ပေးဆပ်ခဲ့ရပြီး ၅၆ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းများကို အကြမ်းဖက်သတ်ဖြတ်၊ ဖောက်ခွဲဖျက်ဆီးခြင်းက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို နောက်ကျနှောင့်နှေးစေသည့်အပြင် ပြည်သူလူထု၏ နေ့စဉ်လူမှုစီးပွားဘဝများအတွက် အခြေခံလိုအပ်ချက်ကို ဖျက်ဆီးခြင်းဖြစ်သည်။ ပြည်သူလူထု၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတို့ကို ထိခိုက်ဆုံးရှုံးပျက်စီးစေသည့် အကြမ်းဖက်အဖျက်လုပ်ရပ်များကို ဆန့်ကျင်တားဆီးချေမှုန်းရာတွင် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။
မြန်မာ့အလင်းအယ်ဒီတာ့အာဘော်