Skip to main content

စတုတ္ထမျိုးဆက်အလွန် ဝေဟင်စွမ်းပကား

ယနေ့ကာလသည် (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့၊ (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ဟူသည့် မြန်မာနိုင်ငံ၏ စည်းလုံးညီညွတ်မှုနှင့် လွတ်လပ်ရေး ကြိုးပမ်းမှုဆိုင်ရာ သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့သော ထူးကဲသည့်နှစ်ကာလဖြစ်သည်။ ထိုသို့ထူးကဲသည့်အခါသမယတွင် မြန်မာ့တပ်မတော်၏ ညီနောင်တပ်ဖွဲ့တစ်ခုဖြစ်သော တပ်မတော် (လေ) လည်း စတင်သန္ဓေတည်မွေးဖွားခဲ့သည့် (၇၅) နှစ်မြောက် စိန်ရတုကာလနှင့်လည်း တိုက်ဆိုင်နေပေသည်။

မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသော မျိုးချစ်တပ်မတော်ဖြစ်သကဲ့သို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် ဖွဲ့စည်း တည်ထောင်ထားသည့် ပြည်ထောင်စုတပ်မတော်လည်းဖြစ်သည်။ တပ်မတော်သည် နိုင်ငံတော်အပေါ်ကျရောက်လာနိုင်သည့် ပြည်တွင်း/ပြည်ပ အန္တရာယ်များကို ကာကွယ်တားဆီးရန် အဓိကတာဝန်ရှိသည့် အဖွဲ့အစည်းဖြစ်သည့်အပြင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် အသက်၊ သွေး၊ ချွေးပေါင်းများစွာ ပေးဆပ်ဆောင်ရွက်ခဲ့ကြသည့် အစဉ်အလာကြီးမားသော ပြည်ထောင်စုတပ်မတော်ဖြစ်သည်ကို ခေတ်အဆက်ဆက် အထင်အရှားမြင်တွေ့ရမည်ဖြစ်သည်။

အစဉ်အလာကြီးမားသည့် ပြည်ထောင်စုတပ်မတော်ဆိုသည်မှာ တပ်မတော် (ကြည်း)၊ တပ်မတော် (ရေ) နှင့် တပ်မတော် (လေ) ဟူသည့် ညီနောင်တပ်ဖွဲ့သုံးခု ညီညွတ်စွာ ပေါင်းစုတည်ထောင်ထားသည့် နိုင်ငံတော်လက်ရုံးအဖွဲ့အစည်းမျိုးကိုသာ ခေါ်ဆိုရမည့် အမည်နာမဖြစ်သည်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော် (လေ) ဖွဲ့စည်းတည်ထောင်မှု (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့အခမ်းအနားနှင့် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်စဉ် ပြောကြားခဲ့သည်။ တပ်မတော်(လေ)အပါအဝင် နိုင်ငံတော်၏လက်ရုံးညီနောင် တပ်ဖွဲ့တို့သည် နိုင်ငံတော်ကာကွယ်ရေးနှင့် ကျရောက်လာသည့်တာဝန်ဟူသမျှတို့ကို ကျောချင်းကပ်၊ ရင်ချင်းအပ်ပြီး ဦးဆွေးဆံမြည့် ကျေပွန်စွာထမ်းဆောင်ခဲ့သည်။

တပ်မတော်(လေ)သည် ၇၅ နှစ်တာကာလအတွင်း နိုင်ငံတော်ကာကွယ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်များအပြင် သဘာဝဘေး ကူညီကယ်ဆယ်ရှာဖွေရေး၊ လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးရေး စသည့်ကဏ္ဍအသီးသီးတွင် ကျရာနေရာမှ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက လေတပ်သည် နိုင်ငံတော်၏အချုပ်အခြာအာဏာကို ကာကွယ်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် တပ်ဖွဲ့တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် တပ်မတော်(လေ) အက်ဥပဒေကိုပြဋ္ဌာန်းပြီး စတင်သန္ဓေတည်မွေးဖွားလာခဲ့သည်။ စတင်ဖွဲ့စည်းစဉ်က ပြည်တွင်းသောင်းကျန်းမှုများ တိုင်းပြည်အနှံ့ပေါ်ပေါက်နေသဖြင့် ဖွဲ့စည်းလေ့ကျင့်နေစဉ်အတွင်း တိုက်ခိုက်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည်။

တပ်မတော်(လေ)၏ စိန်ရတုကာလသမိုင်းစဉ်တစ်လျှောက်တွင် ညီနောင်တပ်ဖွဲ့များနှင့်အတူ နိုင်ငံတော်အကျိုးကို ထူးခြားပြောင်မြောက်စွာ ထမ်းဆောင်ခဲ့သည်။ ယနေ့အချိန်ကာလတွင် တပ်မတော်(လေ)သည် မျိုးဆက်သစ်လေသူရဲများဖြင့် စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံးတိုက်လေယာဉ်များ၊ နည်းဗျူဟာမြောက် သယ်ယူပို့ဆောင်ရေးလေယာဉ်များဖြင့် အဆင့်မြင့်တိုက်လေယာဉ်/ရဟတ်ယာဉ်များကို အားမာန်အပြည့် မောင်းနှင်ပျံသန်းနိုင်ကြပြီ ဖြစ်သည်။ နည်းပညာအသုံးပြု စမ်းသပ်ထုတ်လုပ်မှုအပိုင်းတွင် MTX-1A လေယာဉ်နှင့် SR-1 UAV များကို ကိုယ်တိုင်စမ်းသပ်ထုတ်လုပ်နိုင်ခဲ့သည်ကို ဂုဏ်ယူဖွယ်ရာမြင်တွေ့နေရပြီဖြစ်သည်။ တပ်မတော်လေယာဉ်များဖြင့် အလျင်အမြန်စုဖွဲ့ ထောက်ပံ့ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်သည့်အတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် တိုင်းပြည်အကျိုးပြု လုပ်ငန်းများတွင် များစွာအထောက်အကူပြုလျက်ရှိသည်။

စိန်ရတုကာလအထိ သမိုင်းအဆက်ဆက် တိုင်းပြည်တာဝန်များကို ကျရာအခန်းကဏ္ဍမှ ကျေပွန်အောင်ထမ်းဆောင်နိုင်ခဲ့သည့် တပ်မတော်(လေ)၏ အစဉ်အလာကောင်းများကို မျိုးဆက်သစ်များက ဆက်လက်ထိန်းသိမ်းပြီး ဒို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ်ထားကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများတွင် တစ်တပ်တစ်အား ဆက်လက်ပါဝင်ဆောင်ရွက်ကြရန်၊ တပ်မတော်(လေ)မှ အရာရှိ၊ စစ်သည်အားလုံးသည် တပ်မတော်ရှိ အခြားသောညီနောင်တပ်ဖွဲ့များနှင့် ကျောချင်းကပ်၊ ရင်ချင်းအပ်ပြီး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြရန်၊ နောင်တော်သူရဲကောင်းစစ်သည်တော်များ၏ စွမ်းဆောင်နိုင်ခဲ့မှုများအတွက် ဂုဏ်ယူသင်ခန်းစာယူပြီး နောင်တော်များကဲ့သို့ ပေးအပ်လာမည့် တာဝန်နှင့်ဝတ္တရားများကို ဦးလည်မသုန် ကျေပွန်စွာဆက်လက်ထမ်းရွက်ကြရန်၊ ယခု တပ်တော်ဝင်ပေးလိုက်သည့် လေယာဉ်များကို စစ်သည်တော်ကျင့်ဝတ်ပါ “မိမိလက်နက်ကို ခင်မင်မြတ်နိုးပါ” ဟူသည့်အတိုင်း စည်းကမ်းစနစ်တကျ မြတ်နိုးစွာကိုင်တွယ်ပျံသန်းပြီး တပ်မတော်၏ဂုဏ်ကို မြှင့်တင်ဆောင်ရွက်သွားကြရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မှာကြားချက်များကို အလေးအနက်ခံယူ ထမ်းဆောင်သွားကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။