မျက်မှောက်ကာလကမ္ဘာ့အစီအစဉ် (World Order) ၏အစမှာ ဒုတိယကမ္ဘာစစ်ဖြစ်သည်။ မဟာမိတ်နိုင်ငံများနှင့် ဝင်ရိုးတန်းနိုင်ငံများအကြား ကမ္ဘာ့ဒေသအသီးသီးတို့တွင် ဖြစ်ပွားခဲ့သည့် ဒုတိယကမ္ဘာစစ်ကြီးသည် ထိုစဉ်က နယ်ချဲ့နိုင်ငံကြီးများ၏ လက်အောက်တွင် ကျရောက်နေခဲ့သည့် အိန္ဒိယ၊ မြန်မာတို့အပါအဝင် ကိုလိုနီနိုင်ငံများ၏ အမြင်အရနယ်ချဲ့သမားအချင်းချင်း စားကျက်လုကြခြင်းသာဖြစ်သည်။ သို့ရာတွင် အတ္တလန္တိတ်ချာတာ ထွက်ပေါ်လာသည့်အခါ ကိုလိုနီလက်အောက်ခံနိုင်ငံများကို လွတ်လပ်ရေးပေးရန် ပါရှိခဲ့သည့်အလျောက် မဟာမိတ်နိုင်ငံများကို ထိုစဉ်က ကျွန်နိုင်ငံဘဝ ကျရောက်နေခဲ့ရသည့် နိုင်ငံများက ထောက်ခံခဲ့ကြသည်။
မြန်မာနိုင်ငံအဖို့မူ “အတ္တလန္တိတ်ချာတာသည် အိန္ဒိယ၊ မြန်မာတို့နှင့်မဆိုင်” ဟူသော အင်္ဂလန်နန်းရင်းဝန်ချာချီ၏ စကားအရ နိုင်ငံလွတ်လပ်ရေးအတွက် တောင်းယူ၍မရလျှင် တိုက်ယူရန်ပြင်ဆင်ရသည်။ အကောင်းဆုံးကို မျှော်လင့်ထားသလို အဆိုးဆုံးကို ရင်ဆိုင်နိုင်ရန်အတွက် ပြည်တွင်းအင်အားဖြစ်သော စည်းလုံးညီညွတ်မှုကို တည်ဆောက်ခဲ့ရသည်။ ၁၉၄၆ ခုနှစ် ရွှေတိဂုံအလယ်ပစ္စယံ လူထုအစည်းအဝေးတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက “ကျွန်ုပ်တို့၏ကံကြမ္မာကို ကျွန်ုပ်တို့ဖန်တီးဖို့အရေးသည် ကျွန်ုပ်တို့၏ လက်တွင်းမှာပင်ရှိ၏။ ကျွန်ုပ်တို့အင်အားကို ကျွန်ုပ်တို့ယုံကြည်လျှင် ကောင်းကင်တမွတ်ကြယ်ကိုပင် ဆွတ်နိုင်ကြပေမည်။ ကြယ်ကိုပင်ဆွတ်နိုင်ကြလျှင် ကမ္ဘာမြေပေါ်မှာ အဘယ်ကြောင့် လွတ်လပ်ရေးအောင်ပန်းကို မဆွတ်နိုင်ဘဲရှိအံ့နည်း။ ကျွန်ုပ်တို့သည် ညီညွတ်စွာ ကျွန်ုပ်တို့၏ ကာယဗလ၊ ဉာဏ ဗလ၊ သတ္တိဗျတ္တိနှင့် ကျွန်ုပ်တို့၏ ရာဇဝင်တွင် စာတင်နိုင်မည့် လွတ်လပ်ရေးအောင်မြင်မှုအတွက် ဆက်လက်ကြိုးပမ်းကြမည်” ဟူ၍ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးကို နှိုးဆော်ခဲ့သည်။
နယ်ချဲ့လက်အောက်တွင် သွေးခွဲအုပ်ချုပ်ခံခဲ့ရသည့် မြန်မာနိုင်ငံသည် ပြည်မနှင့် တောင်တန်းဒေသများအကြား ဥပဒေမတူ၊ အခွင့်အရေးမတူ၊ ဖွံ့ဖြိုးမှုမတူ၊ အုပ်ချုပ်မှု ပရိယာယ်များ၊နည်းလမ်းမျိုးစုံဖြင့် သွေးခွဲသပ်လျှိုမှုများ၊ သံသယနှင့်လူမျိုးရေး အမုန်းတရားမျိုးစေ့များကို နယ်ချဲ့သမားက နှစ်ပေါင်းများစွာ စနစ်တကျပြုလုပ်သွားခဲ့သည်။ နိုင်ငံကို အတူတကွလက်တွဲတည်ဆောက်ခဲ့ကြသည့် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရပြီးသည့်နောက် နိုင်ငံလွတ်လပ်ရေးရရှိခဲ့သော်လည်း နှစ်ပေါင်းများစွာ သွေးခွဲအုပ်ချုပ်ခဲ့မှု၏ ဒဏ်ရာဒဏ်ချက်များက အကင်းမသေ။ သံသယကင်းကင်းနှင့် စည်းလုံးညီညွတ်ရေးအတွက် ယနေ့တိုင် ကြိုးပမ်းနေရသည်မှာ နှစ်ပေါင်း ၇၅ နှစ်ပင် ပြည့်တော့မည်ဖြစ်သည်။
လွတ်လပ်ရေးသက်တမ်း (၇၅) နှစ်သို့ ရောက်ရှိလာပြီဖြစ်သည့် မိမိတို့နိုင်ငံမှ တောင်ပေါ်မြေပြန့် လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူလူထုအားလုံး လွတ်လပ်ရေး၏ အရသာကို တင်းပြည့်ကျပ်ပြည့်ခံစားနိုင်ရန်မှာ နေရာဒေသအားလုံး အေးချမ်းသာယာရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည်။ ယင်းလိုအပ်ချက်နှစ်ရပ်ကို ဖြည့်ဆည်းနိုင်ရန်အတွက် အခြေခံအကျဆုံးလိုအပ်ချက်မှာ တစ်နိုင်ငံလုံး စည်းလုံးညီညွတ်ရေးပင်ဖြစ်ရာ တိုင်းရင်းသားပြည်သူလူထုကြီး၏ စွမ်းပကားဖြင့် စည်းလုံးညီညွတ်ရေးကို တညီတညွတ် တည်ဆောက်နိုင်ကြပါစေကြောင်း။ ။