Skip to main content

တူရာများကိုပေါင်းစု ရလဒ်ကောင်းများကိုရှေးရှု

မြန်မာနိုင်ငံတွင်   လွတ်လပ်ရေးရပြီးကာလမှစ၍  တိုင်းရင်းသားလူမျိုး အချင်းချင်း စိတ်ဝမ်း ကွဲပြားမှု၊ နိုင်ငံရေးအယူအဆ ဂိုဏ်းဂဏကွဲပြားမှုများကြောင့် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့သည်။   ပြည်တွင်းပြည်ပ အန္တရာယ်မျိုးစုံ ကြုံတွေ့ခဲ့ရသည်။ ရရှိပြီးသော လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်း စောင့်ရှောက်ရန်နှင့်  နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူများကို    ကာကွယ် စောင့်ရှောက်ရန်အတွက် တပ်မတော်သည် အဖျက် အန္တရာယ် မှန်သမျှကို ရှင်းလင်း ဖယ်ရှားခဲ့သည်။

တိုင်းပြည်ကွဲစေနိုင်သည့်ကိစ္စများ ပေါ်ပေါက်လာသည့်အခါတွင် ဝင်ရောက် ဖြေရှင်းခဲ့ရသည်။  ၁၉၈၈  ခုနှစ်  နောက်ပိုင်းကာလများတွင်  တပ်မတော်သည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး အမျိုးသားရေး တာဝန်အဖြစ်   ကြိုးပမ်းဆောင် ရွက်ခဲ့သည်။   လက်ရှိကာလတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက်(၉)ရပ် ချမှတ်ကာ    စစ်မှန်စည်းကမ်းပြည့်ဝသည့်   ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာရေး၊ ဒီမိုကရေစီနှင့်   ဖက်ဒရယ်စနစ်ကိုအခြေခံသည့်   ပြည်ထောင်စု တည်ဆောက်ရေး နိုင်ငံရေးရည်မှန်းချက် (၂) ရပ်နှင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးအမျိုးသားရေးရည်မှန်းချက်  (၂) ရပ်တို့ကို အကောင်အထည်ဖော်လျက် ရှိသည်။

အဆိုပါရည်မှန်းချက်များကို    ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန် အတွက်   အရေးကြီး သည့်လိုအပ်ချက်မှာ   ထာဝရငြိမ်းချမ်းရေးရရှိထားရန်နှင့် မျက်မှောက်ကာလ ပထဝီနိုင်ငံရေး အနေ အထားအရ၊ ကမ္ဘာကြီးတွင် ဖြစ်ပေါ်နေ သောအခြေအနေများအရ ခေတ်မီတပ် မတော်တစ်ရပ် စဉ်ဆက်မပြတ်တည်ဆောက် ထားရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည်  လွတ်လပ်ရေးရရှိပြီးသည်မှ မျက်မှောက် ကာလအထိ ကိုလိုနီနယ်ချဲ့လက်ဟောင်း၊ လက်သစ်များက မြန်မာနိုင်ငံအပေါ် နည်းမျိုးစုံဖြင့် သွေးခွဲလာမှုများ ကြောင့် ဝါဒရေးအယူ အဆကွဲလွဲမှု၊ လူမျိုးရေး၊ ဘာသာရေး အယူအဆ ကွဲလွဲမှုတို့ကို အကြောင်းခံ၍   တိုင်းရင်းသား ညီအစ်ကို အချင်းချင်းပဋိပက္ခမျိုးစုံဖြစ်ပွားခဲ့၊ ဖြစ်ပွားနေဆဲဖြစ်သည်။

ထို့ကြောင့်  တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးကို မဖြစ်မနေ ကြိုးပမ်း ဆောင်ရွက်ရ မည်ဖြစ်သည်။ ပဋိပက္ခများ အမြန်ဆုံးချုပ်ငြိမ်းပြီး ထာဝရ ငြိမ်းချမ်း ရေး ရရှိရန်အတွက်  မတူညီသည်များကို    ဘေးဖယ်ထားပြီး တူညီသည်များကို တွဲချိတ်၍ ပါတီစုံဒီမိုကရေစီနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးကို အားလုံးလက်တွဲပါဝင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ အရေးကြီးသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကိုလည်း တစ်ပြိုင် တည်းအကောင် အထည်ဖော်သွား ကြရမည်ဖြစ်သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီသည် ကြိုတင်ကန့်သတ်ချက် မထားဘဲ ပြည်ထောင်စုကြီး၏ အကျိုးစီးပွားကို အလေးထားပြီး ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်လက် မှတ်ရေးထိုးပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်  လက်မှတ်မထိုးသေးသော  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကိုပါ ဖိတ်ခေါ်ပြီး ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။

ငြိမ်းချမ်းရေးကြိုးပမ်းမှုကို ခေတ်အဆက်ဆက် အစိုးရအဆက်ဆက်တို့က အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ခဲ့သော်လည်း အောင်မြင်မှုမရှိသေးသည်မှာ မတူညီ သောနိုင်ငံရေး၊  ဝါဒရေး၊  အယူအဆရေး၊  မတူညီသောလူမျိုးရေး၊ ဘာသာရေး ကွဲပြားခြားနားမှုများကို နားလည်မပေး နိုင်မှု၊ မပေါင်းစည်း နိုင်မှုတို့ကြောင့်ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖက်နှင့်တစ်ဖက် သည်းခံမှု၊ နားလည်မှု၊ ခွင့်လွှတ်မှု၊ မေတ္တာထားမှုစသည်တို့ ခံယူမှုအားနည်းနေသောကြောင့်ဖြစ်သည်။ မျှတသောအပေးအယူ လုပ်မှုနည်းလမ်းများ အသုံးပြု၍ စေ့စပ်ညှိနှိုင်းမှုမပြုလုပ်ဘဲ ထိပ်တိုက် ရင်ဆိုင်မှု၊  လိုတာအကုန်ယူလိုမှုတို့ကြောင့် စိတ်ဝမ်းကွဲပြားမှုဖြစ်ကြကာ ပဋိပက္ခရှည်ကြာ ဖြစ်နေမှုကို သင်ခန်းစာယူရ မည်ဖြစ်သည်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေး နေရခြင်းသည်  ပြည်တွင်းငြိမ်းချမ်းရေး မရသေးသောကြောင့်ဆိုလျှင်  ငြင်းနိုင်မည် မဟုတ်ပါ။  လွတ်လပ်ရေး ရပြီးသည်မှ ယနေ့အချိန်အထိ မငြိမ်းချမ်းမှုကြောင့် ဆုံးရှုံးခဲ့သောတန်ဖိုးများကို ပေါင်းစုကြည့်ပြီး  တိုင်းပြည်အတွက် အသုံးချနိုင်မည် ဆိုလျှင် ဖွံ့ဖြိုးတိုးတက်သည့် တိုင်းပြည် ဖြစ်နေပြီဖြစ်သည်။

ယခုအခါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် အပြန်အလှန် ဆွေးနွေး ညှိနှိုင်းလျက်ရှိရာ တူရာများပေါင်းစု၍  ရလဒ်ကောင်းများ ရရှိနေပြီဖြစ်သည်။ ငြိမ်းချမ်းရေးကို မဖြစ်မနေရရှိအောင် ဝိုင်းဝန်းကြိုးပမ်းပြီး တိုင်းရင်းသား ပြည်သူအားလုံးအကျိုးစီးပွားအတွက် ရည်မှန်းချက်များ အောင်မြင် အောင် လက်တွဲကြိုးပမ်း ဆောင်ရွက်ရ မည်ဖြစ် ပါကြောင်း။      ။

(ကြေးမုံအယ်ဒီတာ့အာဘော်)