Skip to main content

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံမြို့ တပ်မတော်ဆေးရုံ၌ COVID-19 ရောဂါရှာဖွေရေး RT-PCR စက်တပ်ဆင်ထားရှိမှု ကြည့်ရှုစစ်ဆေး NDAA (မိုင်းလား)အဖွဲ့နှင့် UWSA (ဝ)အဖွဲ့တို့မှ တာဝန်ရှိသူများအား သီးခြားစီလက်ခံတွေ့ဆုံ

နေပြည်တော် မေ ၁၁

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ် ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့ တပ်မတော်ဆေးရုံ ဇီဝမော်လီ ကျူးဆိုင်ရာ ဓာတ်ခွဲခန်းတွင် ထားရှိ တပ်ဆင်ထားသည့် COVID-19 ရောဂါ ရှာဖွာရေး RT-PCR(Thermocycle ROTOR GENE-6000) စက်တပ်ဆင် ထားရှိမှုနှင့် အသုံးပြုပုံအဆင့်ဆင့် တို့အား လှည့်လည်ကြည့်ရှုပြီး Qua-rantine ထားရှိရန် ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများ အား ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ကျိုင်းတုံ မြို့ ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများအား တွေ့ဆုံပြီး COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်း အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ပြောကြားသည်။

ထို့နောက် ကျိုင်းတုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ကုသ ရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမြင့်ကျော်နှင့် ဆေးရုံအုပ်ကြီး ဒေါက်တာလှဌေးမင်း တို့က ကျေးဇူးတင်စကား ပြောကြားကြသည်။

စားသောက်ဖွယ်ရာ လှူဒါန်း

ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံကြီးအတွက် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း အထောက်အကူပြုပစ္စည်း များဖြစ်သည့် PPE ဝတ်စုံ ၁၀၀၀၊ Surgical Masks ၁၀၀၀၀၊ Goggles အခု ၁၀၀၊ Surgical Gloves အခု ၃၀၀၀၊ Bleaching Powder သုံးပုံး၊ Non-contact Thermometer အခု ၅၀၊ Hand Gel ဘူး ၂၅၀ နှင့် N 95 Mask အခု ၅၀၀နှင့် စားသောက် ဖွယ်ရာများအား ပေးအပ်လှူဒါန်းရာ ဒေါက်တာမြင့်ကျော်နှင့် တာဝန်ရှိ သူများက လက်ခံရယူကြသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှ ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ သံသယလူနာ များ၏ တို့ဖတ်နမူနာများ ဓာတ်ခွဲ စမ်းသပ်မှုပြုလုပ်ရန် ပေးပို့ရာတွင် လမ်းခရီးအလွန် ကွာဝေးခက်ခဲခြင်း၊ သွားလာမှုအချိန်၊ နေရာ၊ လူကန့်သတ် ချက်များ ဖြစ်ပေါ်နေသည့်အတွက် အဆိုပါ COVID-19 ရောဂါရှာဖွေရေး RT-PCR (Thermocycle ROTOR GENE-6000) စက်ကို ကျိုင်းတုံမြို့တွင် ထားရှိ ဆောင်ရွက်ခြင်းဖြစ်ကြောင်း နှင့် အချိန်သုံးနာရီအတွင်း လူဦးရေ ၃၄ ဦးကို စစ်ဆေးပေးနိုင်ပြီး ၂၄ နာရီ အတွင်း ပျမ်းမျှလူဦးရေ ၂၀၀ ဝန်းကျင် ခန့် စစ်ဆေးပေးနိုင်ကြောင်း သိရှိရသည်။

ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သီလဓမ္မကုန်းသာတောရ ကျောင်းတိုက် ဦးစီးပဓာနနာယက (ဝစီပိတ်) ဆရာတော် ဘဒ္ဒန္တကောဝိဒ အမှူးပြု၍ ကျိုင်းတုံမြို့၏ အရှေ့ တောင်ဘက် ၁၅ မိုင်ခန့်အကွာ ပန်ကွဲ ကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်း တည်ထားကိုးကွယ် သည့် အဘယရာဇမုနိ ရုပ်ပွားတော် မြတ်ကြီးအား ဖူးမြော်ကြည်ညိုသည်။

မွန်းလွဲပိုင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် NDAA (မိုင်းလား) အဖွဲ့နှင့် UWSA (ဝ) အဖွဲ့ တို့မှ တာဝန်ရှိသူများအား တြိဂံဒေသ တိုင်းစစ်ဌာနချုပ် ရွှေတြိဂံရိပ်သာ ဧည့်ခန်းမဆောင်၌ သီးခြားစီ လက်ခံ တွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ် ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် တြိဂံဒေသတိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်တို့ တက်ရောက်ကြပြီး NDAA (မိုင်းလား)အဖွဲ့မှ ဥက္ကဋ္ဌ ဦးစိုင်းလင်းနှင့် အဖွဲ့ဝင် များ၊ UWSA(ဝ)အဖွဲ့မှ ဦးညီကပ်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကမ္ဘာပေါ်တွင် COVID-19 ရောဂါဖြစ်ပွားသူပေါင်း လေးသန်းကျော်ရှိပြီဖြစ်ပြီး မိမိတို့နိုင်ငံတွင် ဖြစ်ပွားသူပေါင်း ၁၇၈ဦးရှိပြီ ဖြစ်ကြောင်း၊ အဆိုပါ ရောဂါသည် မမြင်ရ၊ မကြားရ၊ အနံ့ခံ မရနိုင်သောကြောင့် လူတိုင်းကိုယ်စီ အသိစိတ်ဖြင့် သတိထားနေထိုင်ကြရမည်ဖြစ်ကြောင်း၊ မိုင်းလားဒေသတွင် ဆရာဝန် လိုအပ်ချက် ရှိသည်ဟု ကြားသိရကြောင်း၊ အရပ်ဘက်ဆရာဝန်များ လုံလောက်မှုမရှိပါက တပ်မတော်ဆေး အဖွဲ့များ စေလွှတ်ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် NDAA (မိုင်းလား) အဖွဲ့နှင့် UWSA (ဝ) အဖွဲ့တို့က မိမိတို့ ဒေသများ၌ COVID-19 ရောဂါ ဖြစ်ပွားသူ မရှိသေးကြောင်းနှင့် ဖြစ်ပေါ်လာပါက အသုံးပြုနိုင်ရန် ဆေးရုံ၊ ဆေးခန်းများကို အသင့် ပြင်ဆင်ထားရှိပါကြောင်း၊ စစ်ဆေးရေး အဖွဲ့များ ဖွဲ့စည်း၍လည်း စစ်ဆေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ နယ်စပ်ဝင်ပေါက်များကို ဇန်နဝါရီလ ကတည်းက ပိတ်၍ သွားရောက်ခြင်းများကို စစ်ဆေးဆောင်ရွက်လျက်ရှိ ပါကြောင်း ပြောကြားသည်။

ထောက်ပံ့ပေးအပ်

ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က NDAA (မိုင်းလား)အဖွဲ့နှင့် UWSA(ဝ) အဖွဲ့တို့ အတွက် တစ်ဖွဲ့လျှင် PPE ဝတ်စုံ ၅၀၀၊ Surgical Masks အခု ၁၀၀၀၀၊ Goggles အခု ၁၀၀၊ Surgical Gloves အခု ၁၀၀၀၊ Bleaching Powder နှစ်ပုံး၊ Non-contact Thermometer အခု ၅၀၊ Hand Gel ဘူး ၂၅၀ နှင့် N 95 Mask အခု ၅၀၀နှင့် စားသောက် ဖွယ် ရာများအား အသီးသီးထောက်ပံ့ ပေးအပ်ရာ NDAA(မိုင်းလား)အဖွဲ့နှင့် UWSA(ဝ)အဖွဲ့တို့က လက်ခံရယူခဲ့ ကြသည်။

ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည် ညနေပိုင်းတွင် ကျိုင်းတုံမြို့ရှိ ရပ်မိရပ်ဖများနှင့် ဌာနဆိုင်ရာဝန်ထမ်း များအား Amazing Keng Tong Hotel ၌ သွားရောက် တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြို့မိမြို့ဖများက ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအား တင်ပြကြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်သည်များ ပြန်လည် ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ရပ်မိရပ်ဖ များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ အား COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်း အထောက်အကူပြုပစ္စည်းများ ဖြစ် သည့် Surgical Masks ၁၀၀၀၀၊ Bleaching Powder သုံးပုံး၊ Non-contact Thermometer အခု ၅၀၊ Hand Gel ဘူး ၂၅၀ နှင့် N 95 Mask အခု ၅၀၀နှင့် စားသောက်ဖွယ်ရာ များ၊ လက်ဆောင်ပစ္စည်းများအား ထောက်ပံ့ပေးအပ်ရာ မြို့မိမြို့ဖ များက လက်ခံရယူခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး