Skip to main content

အချိုးအကွေ့တစ်ခု အခွင့်အရေးကောင်းတစ်ခု

“၂၀၂၃ ခုနှစ်ဟာ ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရတာ (၇၅) နှစ်ပြည့် စိန်ရတုတိုင်ခဲ့ပြီဖြစ်သလို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးအသီးအပွင့်တွေကိုခံစားဖို့ အစပျိုးတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးအချိုးအကွေ့တစ်ခုမှာ သမိုင်းကောင်းတစ်ခုကို ဖန်တီးနိုင်မယ့် အခွင့်အရေးကောင်းတစ်ခုကို တိုင်းရင်းသားပြည်သူတွေ ပိုင်ဆိုင်ခွင့်ရတဲ့ နှစ်တစ်နှစ်ဖြစ်တာကြောင့် ဒီအခွင့်အရေးကို ရယူနိုင်ဖို့ မျှော်လင့်ပါတယ်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားဖြင့် ပြောကြားခဲ့သည်။

ကျွန်ုပ်တို့သည် ၂၀၂၁ ခုနှစ်တွင် မြန်မာ့နိုင်ငံရေး အချိုးအကွေ့တစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းနေသည့် ကာလ၌ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို အကျည်းတန်အရုပ်ဆိုးစေသော   မမှန်မကန်လုပ်ရပ်များ ဖြစ်ပေါ်ခဲ့သဖြင့်   မြန်မာ့နိုင်ငံရေးအချိုးအကွေ့ တစ်ခုဖြစ်ပေါ်ခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် မြန်မာ့နိုင်ငံရေးခရီးကို  ကြမ်းတမ်းခက်ထန်စွာ ဖြတ်သန်းပြီးနောက် ၂၀၂၂  ခုနှစ်တွင်  တိုင်းရင်းသားညီအစ်ကိုမောင်နှမတို့သည် အခက်အခဲများစွာနှင့် စိန်ခေါ်မှုပေါင်းစုံတို့ကြားမှ အားလုံး၏စည်းလုံးညီညွတ်မှု၊ စိတ်ရှည်သည်းခံမှုနှင့် သဘောထားပြည့်ဝမှုများဖြင့်   အကောင်းဆုံးဖြတ်ကျော်ခဲ့သည်။

ကျွန်ုပ်တို့သည် ၂၀၂၂ ခုနှစ်တွင် ဖြစ်ပေါ်ပြောင်းလဲမှုများကို ဆင်ခြင်သုံးသပ်၍ ယခု ၂၀၂၃ ခုနှစ်ကို ဖြတ်သန်းကြရမည်ဖြစ်သည်။ ဖြစ်ပေါ်ခဲ့သော မြန်မာ့နိုင်ငံရေး အချိုးအကွေ့တစ်ခုသည်  သမိုင်းပေးအခြေအနေအရ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီး စိတ်ပျက်အားလျှော့ခြင်းမဖြစ်စေဘဲ အခွင့်အလမ်းကောင်းတစ်ခုအဖြစ် အရယူကြရမည်ဖြစ်သည်။ ကုန်လွန်ခဲ့သောနှစ်ကာလများတွင် ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းများနှင့် ဖြစ်ပေါ်ခဲ့မှုများကို သတိပြုမိကြဖို့လိုမည်ဖြစ်သည်။ ယင်းတို့ကို ကောင်းသောစိတ်နှလုံးဖြင့် သုံးသပ်ဆင်ခြင်သတိပြု၍   ကျော်လွှားလွန်မြောက်နိုင် အောင် တိုင်းရင်းသားပြည်သူများ၏ စည်းလုံးညီညွတ်သောအားမာန်များဖြင့် ဆက်လက် ကျော်ဖြတ်ကြရမည်ဖြစ်သည်။

မျက်မှောက်ကာလတွင်     မြန်မာနိုင်ငံအတွက်    အခွင့်အရေးတစ်ခုမှာ ပြည်ထောင်စု၏   စည်းလုံးညီညွတ်မှုသမိုင်းမှတ်တိုင်တစ်ခုဖြစ်သည့် စိန်ရတုပြည်ထောင်စုနေ့ကို ဖြတ်သန်း လာပြီးနောက် ဆက်လက်၍ စိန်ရတုလွတ်လပ်ရေးနေ့ကို ရောက်ခဲ့ပြီဖြစ်သည်။    မြန်မာနိုင်ငံအတွက် ထူးခြားလေးနက်မှုကို ဆောင်ကြဉ်းသည့် စိန်ရတုကာလများတွင်      မိမိတို့ဘိုးဘွားဘီဘင်များ၏ စွန့်လွှတ်စွန့်စားကြိုးပမ်းအားထုတ်ခဲ့မှုများကို  သတိရကျေးဇူးသိသောအားဖြင့် ပြည်ထောင်စုကြီး စည်းလုံးညီညွတ်ရေးနှင့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို တိုင်းရင်းသားပြည်သူအားလုံးတို့က ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “ကုန်လွန်ခဲ့ပြီးဖြစ်တဲ့ (၇၅) နှစ်တာကာလအတွင်း နိုင်ငံနှင့်လူမျိုးအတွက် အကျိုးမပြုစေခဲ့တဲ့အတွေးအခေါ်များနဲ့     လုပ်ဆောင်ချက်များကိုချန်ရစ်ခဲ့ပြီး နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမယ့် အပြုသဘောဆောင်ရွက်ချက်များကို “မြန်မာစိတ် မွေးပြီးတော့ စည်းစည်းလုံးလုံး လုပ်ကိုင်သွားကြမယ်ဆိုရင် ကျွန်တော်တို့သွားချင်တဲ့ “ပန်းတိုင်ကို မလွဲမသွေရောက်ရှိမှာပဲ ဖြစ်ပါတယ်ဟု ပြောကြားထားသည်။ ကျွန်ုပ်တို့အားလုံးသည် နိုင်ငံ့အကျိုး၊ တိုင်းရင်းသားပြည်သူလူထုအကျိုးကို ရှေးရှု၍ ပိုမိုကောင်းမွန်သည့် လူမှုစီးပွားဘဝများကို အနာဂတ်မျိုးဆက်သစ်များအတွက် တည်ဆောက်ပေးသွားမှသာ  နိုင်ငံသားကောင်းအဖြစ်နှင့်   သမိုင်းပေး တာဝန်ကျေပွန်လိမ့်မည်ဖြစ်သည်။

အနာဂတ်မျိုးဆက်သစ်များအတွက် ကောင်းသောအမွေ ထားရစ်ခဲ့နိုင်ရန်အတွက်  စိန်ရတုကာလတွင် ရရှိနေသောအခွင့်အလမ်းကောင်းတစ်ခုကို ရယူဆုပ်ကိုင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ကျွန်ုပ်တို့ ရယူရမည့်အခွင့်အရေးမှာ လွတ်လပ်ရေးရရှိပြီးဖြစ်သည့် (၇၅) နှစ်မြောက် စိန်ရတုကာလတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံတော်က ဆောင်ရွက်ပေးခဲ့သော ဖွံ့ဖြိုးတိုးတက်မှုများနှင့် ရလဒ်ကောင်းများရရှိနေသည့် ငြိမ်းချမ်းရေးအသီးအပွင့်များအား ခံစားနိုင်ရန်အတွက် အစပျိုးသည့် နှစ်တစ်နှစ်ဖြစ်နေသောကြောင့် အဆိုပါနိုင်ငံရေးအချိုးအကွေ့တစ်ခုတွင် သမိုင်းကောင်းတစ်ခုကို ဖန်တီးနိုင်ရန်အတွက် တိုင်းရင်းသားပြည်သူအားလုံး ပါဝင်ကြရန်ဖြစ်ပါသည်။

အချိုးအကွေ့တစ်ခုတွင် အခွင့်အလမ်းတစ်ခုကို အမိအရယူနိုင်မှသာ ကျွန်ုပ်တို့အားလုံး အတူတကွလျှောက်လှမ်းလိုသည့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ စနစ်ခိုင်မာစေရန်နှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက်   ပိုမိုကောင်းမွန်သည့်   ပေါင်းစည်းညီညွတ်မှုများဖြင့် ဆက်လက်တက်လှမ်းနိုင်မည်ဖြစ်ပါကြောင်း။  ။

ကြေးမုံအယ်ဒီတာ့အာဘော်