Skip to main content

မြန်မာတို့သာဖြေရှင်းကြရမည့် မြန်မာ့ပြည်တွင်းအရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ရှင်သန်ထွန်းကားရေးအတွက် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရန် အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဤသည်မှာ ပြည်သူလူထု၏ ဆန္ဒအမှန်ကို အကောင်အထည်ဖော်ပေးနေခြင်းပင်ဖြစ်ပြီး စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နေခြင်းလည်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုကိုအကြောင်းပြု၍ ဆက်လက်ဖြစ်ပေါ်လာခဲ့သည့် နိုင်ငံရေးအပြောင်းအလဲနှင့် လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်ဖျက်ဆီးမှုများက နောင်အနာဂတ်တွင်ကျင်းပသွားကြရမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများအတွက် သင်ခန်းစာယူဖွယ်ပင်ဖြစ်ပြီး ဤကဲ့သို့သောဖြစ်စဉ်မျိုး နောက်ထပ်မဖြစ်ပေါ်စေရန် အထူး သတိပြုဆောင်ရွက်သွားကြရန်လည်း လိုအပ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိမိတို့အစိုးရအနေနှင့် တစ်နိုင်ငံလုံး အကြားအလပ်မရှိ အထွေထွေရွေးကောက်ပွဲကျင်းပပေးနိုင်ဖို့၊ မဲပေးကြမည့်နိုင်ငံသားအားလုံး မတရားမှုများမှကင်းဝေးစေဖို့ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ရာ အဖျက်အမှောင့်၊ အနှောင့်အယှက်၊ အပိတ်အဆို့၊ အတားအဆီးများ မည်သို့ပင်ရှိစေကာမူ စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်သူ့ဆန္ဒနှင့်အညီ ပြည်သူ့အားဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုနှင့် ပြည်တွင်းပကတိအခြေအနေမှန်တို့ကို ပြည်ပနိုင်ငံ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့အနေဖြင့် မှန်ကန်စွာရှုမြင်သုံးသပ်နိုင်ရန်လိုအပ်ပြီး မြန်မာ့ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်ရာရောက်စေသည့် အပြုအမူဆောင်ရွက်ချက်မျိုးကို ရှောင်ရှားရန်လည်းလိုသည်။ ဒီမိုကရေစီအရေးအတွက် အားပေးကူညီခြင်းဟုဆိုသော်လည်း အကြမ်းဖက်အဖွဲ့များနှင့် လူပုဂ္ဂိုလ်များကိုအားဖြည့်ပေးပြီး ပြည်တွင်း၌ဖြစ်ပေါ်နေသည့် အကြမ်းဖက်တိုက်ခိုက်မှုများ၊ အပြစ်မဲ့အရပ်သားများနှင့် ဝန်ထမ်းများကို စွပ်စွဲသတ်ဖြတ်မှုများကို အရှိန်မြင့်လာအောင် မီးပေါင်မြှင့်ပေးလိုက်သည့်အဖြစ်မျိုး မပြုလုပ်ရန်လည်း သတိပြုကြသင့်သည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၁၁ ရက်နေ့နံနက်ပိုင်း ပုံမှန်သတင်းထုတ်ပြန်ချက်ဖြင့် Annual Press Statement ကို နိုင်ငံခြားရေးဝန်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့မှုအပေါ် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက “အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့် အာဆီယံအခြေခံမူများနှင့်အညီ တိတိကျကျလေးစားလိုက်နာရန်၊ မြန်မာ အစိုးရကကြေညာထားသည့် မည်သည့်အကြမ်းဖက်အဖွဲ့များ၊ မတရားအသင်းများနှင့်မျှ ထိတွေ့ဆက်ဆံခြင်းမပြုရန်” ထပ်လောင်းသတိပေးတိုက်တွန်းလိုက်ရာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုအပေါ်တွင် ပြည်သူလူထုကလည်း ဆန့်ကျင်ရှုတ်ချသွားကြမည်သာဖြစ်ပါကြောင်း။   ။

မြန်မာ့အလင်းအယ်ဒီတာ့အာဘော်