Skip to main content

ပြည်သူအပေါ်ထားရှိသည့်စေတနာ လေးစားဂုဏ်ပြု

ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြပြီး တောတောင်ရေမြေ၊ တောင်တန်း၊ မြေပြန့်နှင့်မြစ်ဝှမ်းလွင်ပြင် စသည့်မြေမျက်နှာသွင်ပြင် စုံလင်သည့်နိုင်ငံဖြစ်သည်။ မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများတွင်အထူးသဖြင့် တိုင်းရင်းသားမျိုးနွယ်စုများသည် မြင့်မားသောတောတောင်များတွင် နေထိုင်ကြပြီး ကျေးလက်ပြည်သူများသည် ဝေးလံခေါင်ဖျားဒေသများတွင် များသောအားဖြင့် နေထိုင်ကြသည်။

အဆိုပါပြည်သူများအတွက် အဓိကကျသည့်လိုအပ်ချက်များမှာ လမ်းပန်းဆက်သွယ်ရေး၊ စားသောက်ရေး၊ ပညာရေးနှင့်ကျန်းမာရေးတို့ဖြစ်သည်။ ယင်းတို့ကို ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရများက ဖြည့်ဆည်းပေးနေသော်လည်း လိုအပ်ချက်များရှိနေသေးသည်။ အထူးသဖြင့် ကျန်းမာရေးကဏ္ဍတွင် သွားလာရေးခက်ခဲသည့် ဝေးလံခေါင်ဖျားသောဒေသများနှင့် တောင်တန်းဒေသများတွင်နေထိုင်ကြသော တိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးမှာ အလှမ်းဝေးနေပြီး အဆိုပါဒေသရှိ ပြည်သူများမှာ ကျန်းမာရေးအဆင့်အတန်း ခေတ်အဆက်ဆက်နိမ့်ကျနေသည်ကို တွေ့ရမည်ဖြစ်သည်။

သာဓကအားဖြင့် မြန်မာနိုင်ငံ၏ လူ့မျှော်မှန်းသက်တမ်းသည် ၂၀၂၀ ပြည့်နှစ်ထုတ်ပြန်ချက်အရ (၆၇)နှစ်ဖြစ်ပြီး ချင်းပြည်နယ်ရှိလူတို့၏ မျှော်မှန်းသက်တမ်းသည် (၆၃ ဒသမ ၃)နှစ်ဖြစ်သည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအရ အနိမ့်ဆုံးအဆင့်ဖြစ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့အပြင် တစ်နှစ်အောက်ကလေးသေဆုံးမှုနှုန်းသည် တစ်နိုင်ငံလုံးအတိုင်းအတာအရ ကလေးအရှင် ၁၀၀၀ မွေးတိုင်း ကလေး ၁၂ ဦးပျက်စီးခဲ့ပြီး ချင်းပြည်နယ်၌ ၁၈ ဦးပျက်စီးမှုရှိသည်။ ငါးနှစ်အောက်ကလေးသေဆုံးမှုတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ကလေး ၁၀၀၀ မွေးဖွားပြီးတိုင်း ၁၅ ဦးပျက်စီးမှုရှိပြီး ချင်းပြည်နယ်၌ ၂၅ ဦးပျက်စီးမှုရှိသည်ကိုတွေ့ရသည်။ မိခင်သေဆုံးမှုတွင် မိခင်တစ်သိန်းတိုင်း ၁၀၂ ဒသမ ၇ ဦးပျက်စီးမှုရှိပြီး ချင်းပြည်နယ်တွင် ၁၅၈ ဦးခန့် ပျက်စီးမှုရှိသည်။

ထို့ကြောင့် ဝေးလံခေါင်ဖျားပြီး တောတောင်မြင့်မားသည့် ချင်းပြည်နယ်ကဲ့သို့ဒေသများရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်းမှာ နိမ့်ကျနေသဖြင့် နိုင်ငံတော်အစိုးရက ဦးစားပေးဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ ဝေးလံသောဒေသများရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ဆရာဝန်၊ သူနာပြုများဖြည့်ဆည်းပေးရေးမှာ အစဉ်အဆက်အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။ ထို့ကြောင့် ဝေးလံခေါင်ဖျားသောဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီသည့်အခက်အခဲအား တပ်မတော်က ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုများကို ကျေးဇူးတင်ရှိရမည်ဖြစ်သည်။ သာဓကအားဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ တပ်မတော်သားဆေးမှူးအရာရှိများကို စေလွှတ်ပေးခဲ့ပြီး တိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဝေးလံခေါင်ဖျားဒေသများတွင် ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သား ဆရာဝန်များအား ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ချီးကျူးဂုဏ်ပြုခဲ့ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာ၊ လိုအပ်သည့်အရာတို့ကိုဖြည့်ဆည်းပေးခြင်း၊ သူတစ်ဦးမလုပ်နိုင်သောအလုပ်ကို လုပ်ကိုင်ပေးခြင်းသည် အလွန်မွန်မြတ်သောအလုပ်ဖြစ်ရာ ၎င်းတို့ကို ဂုဏ်ပြုချီးကျူးအသိအမှတ်ပြုခြင်းသည် အလွန်မွန်မြတ်သော ဆောင်ရွက်ချက်တစ်ခုဖြစ်သည်။

တပ်မတော်သည် ခေတ်အဆက်ဆက်တွင် နိုင်ငံ့အရေး၊ တိုင်းရင်းသားပြည်သူများအရေးတို့နှင့်ပတ်သက်ပါက အစဉ်အမြဲဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။ တပ်မတော်၏မူလတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေးကို ဆောင်ရွက်သည့်နည်းတူ ပြည်သူလူထုကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင်လည်း တစ်ဖက်တစ်လမ်းက ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံအတွင်းရှိ ဝေးလံခေါင်ဖျားသည့်ဒေသများတွင် ပြည်သူအကျိုးကို တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်ပေးလျက်ရှိသည်။ နောင်လာမည့်အနာဂတ်တွင်လည်း ဆရာဝန်တစ်ဦးအနေဖြင့် ပညာရပ်ဆိုင်ရာတိုးတက်ရေးကို ဆောင်ရွက်ရမည့်နည်းတူ တိုင်းပြည်အကျိုး၊ ပြည်သူအကျိုးကိုလည်း ဦးထိပ်ထားဆက်လက်ဆောင်ရွက်သွားကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မှာကြားခဲ့သည်။

သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် နယ်မြေခံပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်းမြင့်မားလာစေရေးအတွက်သာမက ပြည်သူအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့် ပြည်သူအပေါ်ထားရှိသည့် တပ်မတော်သားများ၏စေတနာကို လေးစားဂုဏ်ပြုအသိအမှတ်ပြုအပ်ပါကြောင်း။        ။

ကြေးမုံ,အယ်ဒီတာ့အာဘော်