Skip to main content

အရည်အသွေးကောင်းပြီး ဘေးကင်းသည့် စားနပ်ရိက္ခာများ စိုက်ပျိုးထုတ်လုပ်

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေပြု စီးပွားရေးအဓိကနိုင်ငံတစ်နိုင်ငံဖြစ်ပြီး စပါး၊ ပဲ၊ ပြောင်း တို့သာမက အခြားသော သီးနှံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံအမျိုးအမည်များစွာ စိုက်ပျိုးထုတ်လုပ်နိုင်သည့် နိုင်ငံဖြစ်သည်။ သို့ရာတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် မိရိုးဖလာနှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထုတ်လုပ်သူများကအများစုဖြစ်ပြီး ရင်းနှီးမြှုပ်နှံဝင်ရောက်လုပ်ကိုင်မှုနည်းပါးသည့်အတွက် နည်းပညာအရ၊ ထုတ်လုပ်နိုင်မှုပမာဏနှင့် အရည်အသွေးအရ၊ ဈေးကွက်အရ အိမ်နီးချင်းနိုင်ငံများကို ယှဉ်ပြိုင်နိုင်စွမ်းနိမ့်ကျလျက်ရှိသည်။

မိမိတို့ထုတ်လုပ်လိုက်သည့် စိုက်ပျိုးရေးထုတ်ကုန်များ ဈေးကွက်ရရှိနိုင်ရန်မှာ အရည်အသွေးကောင်းမွန်ရန်လိုအပ်ပြီး ရေရှည်တွင် ဈေးကွက်ခိုင်မာပြီးဖွံ့ဖြိုးတိုးတက်နိုင်ရန် အတွက် ဘေးကင်းလုံခြုံသောစိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သည့် သီးနှံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများဖြစ်ရန် လိုအပ်သည်။ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း (Good Agricultural Practices) ဆိုသည်မှာ သီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် ထုတ်ကုန်များ၌ စားသုံးသူများဘေးအန္တရာယ်ဖြစ်စေပြီး ကျန်းမာရေးကိုထိခိုက်စေနိုင်သည့် ဓာတုအဆိပ်အကြွင်းအကျန်များ၊ ရောဂါပိုးမွှားများနှင့် မှိုအဆိပ်များမပါဝင်စေဘဲ ထုတ်ကုန်များကို အရည်အသွေးကောင်းမွန်စေပြီး လုပ်သားများနှင့် သဘာဝပတ်ဝန်းကျင်မထိခိုက်စေရန် အလေးထားဆောင်ရွက်ခြင်းပင်ဖြစ်သည်။

ပြည်တွင်းပြည်ပဈေးကွက်များက အရည်အသွေးကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စိုက်ပျိုးထွက်ကုန်များကိုသာ ရွေးချယ်ဝယ်ယူကြမည်ဖြစ်ရာ မိမိတို့စိုက်ပျိုးထုတ်လုပ်သည့် သီးနှံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း (GAP) နှင့်အညီ စိုက်ပျိုးထုတ်လုပ်ထားကြောင်း အသိအမှတ်ပြုလက်မှတ်များလည်း လိုအပ်လာမည်ဖြစ်သည်။ GAP အသိအမှတ်ပြုလက်မှတ်ရရှိနိုင်ရန်အတွက် စတင်စိုက်ပျိုးမှုမှသည် ရိတ်သိမ်း၊ သိုလှောင်၊ သယ်ဆောင်သည့်လုပ်ငန်း ကွင်းဆက်တစ်လျှောက်စိုက်ပျိုးသည့်မြေသည် အန္တရာယ်ကင်းရှင်းရန်၊ စိုက်ပျိုးရာတွင် သုံးစွဲသည့်ရေသည်လည်း သန့်ရှင်းစင်ကြယ်ရန်၊ မျိုးစေ့များနှင့် ပျိုးပင်များ ရောဂါပိုးမွှားကင်းရှင်းရန်၊ ကောင်းမွန်သည့်သဘာဝမြေဩဇာများကိုသုံးစွဲရန် စသည်တို့အပါအဝင် အချက် (၁၆) ချက်နှင့် ကိုက်ညီရန်လိုအပ်သည်။

ယခုအခါ ကမ္ဘာ့လူဦးရေသည် သန်းပေါင်း ၈၀၀၀ ကျော်ခဲ့ပြီဖြစ်သည်။ မိမိတို့၏ အိမ်နီးချင်းနိုင်ငံကြီး နှစ်နိုင်ငံမှာလည်း ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံများဖြစ်ရာ စားနပ်ရိက္ခာစိုက်ပျိုးထုတ်လုပ်သော မိမိတို့နိုင်ငံအနေဖြင့် အရည်အသွေးကောင်းမွန်ပြီး စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းကာ ကျန်းမာရေးနှင့်ညီညွတ်စေသော စားသုံးကုန်များထုတ်လုပ်ခြင်းဖြင့် ခိုင်မာသောဈေးကွက်များကို ရယူနိုင်သောအခွင့်အလမ်းကောင်းများရှိနေသည်။ စိုက်ပျိုးရေးကဏ္ဍအတွက် လိုအပ်ချက်များဖြစ်သည့် ခေတ်မီသိုလှောင်ရုံစနစ်များ၊ သုတေသနနှင့်ဓာတ်ခွဲခန်းများကိုတည်ထောင်ပေးခြင်းဖြင့် မြန်မာ့တောင်သူများ စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ပြည်တွင်းပြည်ပ ဈေးကွက်အခိုင်အမာရရှိရေးအတွက် အရှိန်အဟုန်မြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်မိပါကြောင်း။။

မြန်မာ့အလင်းအယ်ဒီတာ့အာဘော်