Skip to main content

ပြည်တွင်းအင်အားဖြင့် တည်ဆောက်ရမည့် ပြည်ထောင်စုကြီး ထာဝရတည်တံ့ရေး

ပစ္စုပ္ပန်တွင် မြန်မာနိုင်ငံသည် ထူးခြားသော နိုင်ငံရေးအခြေအနေတစ်ရပ်ကို ဖြတ်သန်းနေရသည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပြီး ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအပြောင်းအလဲနှင့်အတူ အကြမ်းဖက်တိုက်ခိုက်မှုများ နိုင်ငံအတွင်းရှိ ဒေသအချို့တွင် ဖြစ်ပွားလျက်ရှိသကဲ့သို့ အဖျက်အင်အားစုများက ပြည်ထောင်စုပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲရေး၊ အမျိုး၊ ဘာသာ၊ သာသနာနှင့် အမျိုးသားရေးစိတ်ဓာတ်၊ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်များချိုးနှိမ်ရေးတို့ကို ပိုမို၍ အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြသည်ကို တွေ့ရသည်။ မျက်မှောက်ကမ္ဘာတွင် နိုင်ငံအသီးသီး တို့သည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံများအဖြစ် ရပ်တည်ကြရာ၌ နိုင်ငံ၏အမျိုးသားအကျိုးစီးပွားအတွက် ယှဉ်ပြိုင်ကြရသည့်အလျောက် အင်အားတောင့်တင်းသော နိုင်ငံများဖြစ်အောင် တည်ဆောက်ကြရသည်။ နိုင်ငံ၏ အင်အားအစစ်အမှန်သည် ပြည်တွင်းအင်အားသာလျှင်ဖြစ်ရာ မိမိတို့၏ ပြည်တွင်းအင်အားချည့်နဲ့အောင်၊ ပြိုကွဲပျက်စီးအောင် ကြံစည်ကြိုးပမ်းဆောင်ရွက်မှုများကို သတိပြု ကာကွယ်တားဆီးသွားကြရန် လိုအပ်သည်။

တိုင်းရင်းသားလူမျိုးစုပေါင်း ၁၀၀ ကျော် အတူတကွနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံအဖို့ စည်းလုံးညီညွတ်ရေးသည် အသွေးနှင့်အသက်ပင်ဖြစ်သည်။ မိမိတို့နိုင်ငံသာမက အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံများတွင် လူမျိုးတစ်မျိုးတည်း နေထိုင်ကြခြင်းမဟုတ်သည်ကို တွေ့ရှိနိုင်သည်။လူမျိုးစုပေါင်းရာနှင့်ချီ နေထိုင်ကြပြီး ဘာသာစကားပေါင်း ရာနှင့်ချီ၍ ကွဲပြားစွာပြောဆိုကြကာ မတူကွဲပြားသည့် ဝတ်စားဆင်ယင်မှုများ၊ ဓလေ့ထုံးစံများရှိနေကြသော်လည်း ညီညီညွတ်ညွတ်နေထိုင်သည့် နိုင်ငံများစွာ၊ ပြည်ထောင်စုများစွာရှိကြသည်။ ညီညွတ်ခြင်းကြောင့် ငြိမ်းချမ်းကြသည်။ ငြိမ်းချမ်းခြင်းကြောင့် သာယာဝပြောကြသည်။ ဖွံ့ဖြိုးတိုးတက်ကြသည်။ နိုင်ငံတည်ငြိမ်အေးချမ်းပြီး စားနပ်ရိက္ခာဖူလုံပြည့်စုံ၍ ဖွံ့ဖြိုးတိုးတက်သည့်အခါ လူမှုဘဝများ မြင့်မားကြသည်။ ကျန်းမာကြံ့ခိုင်သူများ၊ ပညာမြင့်မားသူများ၊ ကိုယ်ကျင့်တရား ကောင်းမွန်သူများများပြားပြီး လူသားအရင်းအမြစ်ဖွံ့ဖြိုးကြသည်။ စည်းလုံးညီညွတ်မှုကင်းမဲ့ပြီး စစ်ပူနေသည့် အရပ်၊ ဒေသ၊ တိုင်းပြည်တစ်ပြည်အဖို့မူ ယင်းကဲ့သို့သော ဖူလုံမှု၊ ပြည့်စုံမှု၊ ဖွံ့ဖြိုးမှုမျိုး အိပ်မက်ပင်မက်ရန်မလွယ်။

မိမိတို့နိုင်ငံသည် လွတ်လပ်ရေးသက်တမ်း ၇၅ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုသက်တမ်းအနေဖြင့် စိန်ရတုလွန်၍ ၇၆ နှစ်ကာလသို့ မကြာမီ ရောက်ရှိတော့မည်ဖြစ်သည်။ တောင်ပေါ်မြေပြန့်ဒေသအနှံ့တွင်နေထိုင်ကြသော ပြည်ထောင်စုဖွား ညီအစ်ကိုမောင်နှမများအကြား သွေးစည်းချစ်ခင်ညီညွတ်မှုတို့ကြောင့်သာ ပြည်ထောင်စုကြီး ဆက်လက်တည်တံ့နေခဲ့ခြင်းဖြစ်သည်။ နယ်ချဲ့သွေးခွဲအုပ်ချုပ်စနစ်၏ လက်ကျန်သံသယတို့ ကင်းစင်ပျောက်ပြယ်၍ အကြားအလပ်မရှိ ပကတိခိုင်မြဲသော စည်းလုံး ညီညွတ်မှုကို ရာနှုန်းပြည့်တည်ဆောက်နိုင်သည့် အနာဂတ်နေ့ရက်တွင် မြန်မာနိုင်ငံနှင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တို့အပါအဝင် ၁၃၅ မျိုးသော မြန်မာတို့ ကမ္ဘာတွင် ဝင့်ထည်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ 

မြန်မာ့အလင်းအယ်ဒီတာ့အာဘော်