Skip to main content

ဝိုင်းမော်မြို့၌ ငါးလုပ်ငန်းဦးစီးဌာန သင်တန်းခန်းရုံးဖွင့်ပွဲနှင့်နှင့် အခြေခံငါးမွေးမြူရေး၊ ငါးဆေးထိုးသားဖောက် သင်တန်းဖွင့်ပွဲကျင်းပ

ဝိုင်းမော်  ဩဂုတ် 

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး သင်တန်းခန်း ဖွင့်လှစ်ပွဲနှင့် အခြေခံငါးမွေးမြူရေး၊ ငါးဆေးထိုးသားဖောက် သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီတွင် ဝိုင်းမော်မြို့နယ် ငါးလုပ်ငန်းစခန်းရုံး၌  ကျင်းပခဲ့သည်။

အခမ်းအနားတွင် အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းညွှန့်၊ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူး၊ ကချင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းမြင့်စော၊ ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းတို့က အဆောက်အအုံ သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။       

ဆက်လက်၍ ပြည်နယ်ဝန်ကြီးမှ ရုံးဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ကာ ဝန်ကြီးနှင့် တာဝန်ရှိသူများက ရုံးသစ်ကဗ္ဗည်းအား အမွှေးနံသာရေများ ပက်ဖြန်းပေးပြီး ကိုဗစ်-၁၉ အလွန် ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ ပြန်လည်ဦးမော့လာစေရေးအတွက် ပြည်နယ်ဝန်ကြီးမှ ငါးမွေးမြူရေး တောင်သူများအား ငါးသားပေါက် ကောင်ရေ(၃၉၉၉၈၀)ကောင် ပေးအပ်ခဲ့သည်။

ထိုနောက် ဒုတိယပိုင်းတွင် ရုံးသစ်သင်တန်းခန်းမတွင် ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီး ဦးဝင်းညွှန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးတို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကချင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းမြင့်စောမှ အဆောက်အအုံသစ် ဆောက်လုပ်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါ ရုံးသစ်အဆောက်အအုံသစ်သည် အလျား(၆၀)ပေ၊ အနံ(၃၀)ပေရှိပြီး  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၉၀)အကုန်အကျခံကာ ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ အလွန် ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ ပြန်လည်ဦးမော့ လာစေရေးအတွက် ယခုလိုသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ သင်တန်းတွင် ငါးမွေးမြူရေး အကြောင်း သိကောင်းစရာများ၊ ငါးဆေးထိုး သားဖောက်နည်းနှင့် သဘာဝနည်းဖြင့် သားဖောက်ခြင်း ဘာသာရပ်၊ ငါးများသားပေါက်နေမှုအား လေ့လာခြင်း ဘာသာရပ်များအား စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ပါကြောင်း သင်တန်းကို (၇)ရက်နေ့ အထိ (၃)ရက်ကြာ သင်ကြားပေးသွားမည် ဖြစ်ကြောင်းပြည်နယ်ဦးစီးမှူး ဦးဝင်းမြင့်စောက ပြောကြားခဲ့သည်။

ဆောင်းလေး(ပြန်/ဆက်)