‘မာရ’ဟူသော ပါဠိစကား၏ အနက်အဓိပ္ပာယ်မှာ ‘သေခြင်း၊ သေစေခြင်း’ ဟူ၍ဖြစ်သည်။ သတ္တဝါများ သေရခြင်း၊ သေခြင်း မကင်းရခြင်းသည် ‘မာရ်ငါးပါး’ ဖြစ်သော ဒေဝပုတ္တမာရ်၊ ကိလေသမာရ်၊ အဘိသင်္ခါရမာရ်၊ ခန္ဓမာရ်၊ မစ္စုမာရ်တို့ကို အကြောင်းခံသည်။ ‘မာရဝိဇယ’ ဟူသည် မာရ်ငါးပါးတို့ကို အောင်မြင်ခြင်းဟူသော အနက်အဓိပ္ပာယ်ပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကို ပြသရန်၊ တိုင်းပြည်အေးချမ်းသာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်းပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက် စည်ကားမှုဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှု အထောက်အကူဖြစ်စေရန်ဟူသော ရည်ရွယ်ချက်လေးရပ်ဖြင့် ကမ္ဘာပေါ်တွင် ဉာဏ်တော်အမြင့်ဆုံးသော ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော်ကြီးဖြစ်လာမည့် “မာရဝိဇယ”ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်း တည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်၊ အေးမြသာယာသည့် မင်္ဂလာအချိန်အခါတွင် ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ပူဇော်ပြီဖြစ်သည်။
ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်ကိုအမှီပြု၍ တရား အားထုတ်တော်မူခဲ့ရာ မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် သဗ္ဗညုတ ရွှေဉာဏ်တော်ကိုရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။ ဘုရားအလောင်းတော်သည် မဟာဗောဓိပင်ကိုအမှီပြု၍ အရှေ့ဘက်သို့ မျက်နှာပြုပြီး အပရာဇိတ ပလ္လင်ပေါ်တွင် ထက်ဝယ်ဖွဲ့ခွေထိုင်တော်မူကာ ဘုရားမဖြစ်သမျှ ဤနေရာမှ မထတော့ပြီဟု အင်္ဂါလေးပါး ဝီရိယတရားတို့ဖြင့် ထိုင်တော်မူစဉ် ဝသဝတ္တီနတ်ပြည်မှ မာရ်နတ်သည် ၎င်း၏အခြံအရံနတ်သားများနှင့် အရှေ့၊ လက်ဝဲ၊ လက်ယာ၊ အထက်ယူဇနာများစွာ ထုထည်ကြီးမား လှစွာသော မာရ်စစ်သည်များနှင့်တကွ ကိုယ်တိုင်လည်း လက်ရုံးတစ်ထောင်ကို ဖန်ဆင်းကာ လက်နက်မျိုးစုံစွဲကိုင်လျက် ယူဇနာ ၁၅၀ ရှိသည့် မေခလာဆင်ကိုစီးကာ ကြောက်မက်ဖွယ် ပုံသဏ္ဌာန် အဆင်း၊ အသံများဖြင့် တစ်ခဲနက် ကြွေးကြော်တိုက်ခိုက်ကြသည်။ သို့ရာတွင် ဘုရားအလောင်းတော်၏ ဘဝများစွာတွင် ဖြည့်ကျင့်ခဲ့သော ပါရမီကုသိုလ် တော်နှင့် မေတ္တာဓာတ်တို့ကို မယှဉ်နိုင်သည့်အတွက် တိုက်ခိုက် မှုမှန်သမျှ အရေးနိမ့်ခဲ့ရကာ မာရ်နတ်နှင့် အပေါင်းအပါတို့ ဝသဝတ္တီနတ်ပြည်သို့ တပ်ခေါက်ပြန်ပြေးကြရသည်။
မာရ်အောင်မြင်ဟု အဓိပ္ပာယ်ရသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ‘ဇယန္တော ဗောဓိယာ မူလေ’ အစချီသည့် ဇယမင်္ဂလာအောင်ဂါထာများ ရွတ်ဆိုပူဇော်လျက် ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်တော်မူပြီဖြစ်ရာ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရခြင်း၏ ကောင်းမြတ်သော ရည်ရွယ်ချက်များ ထင်ရှားစွာဖြစ်ပေါ်လျက် ဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာသို့တိုင် ထွန်းလင်းတောက်ပလာမည်၊ နိုင်ငံတစ်ဝန်း အေးချမ်းသာယာလျက် နိုင်ငံသူ နိုင်ငံသားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာနိုင်ကြမည်၊ တိုင်းကားပြည်ရွာ တိုးတက်စည်ကားဖွံ့ဖြိုးလာမည်ဟု ယုံကြည်ပါကြောင်းနှင့် တစ်သက်တွင် တစ်ခါကြုံရခဲသည့် ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုတွင် ကုသိုလ်အဖို့ အစုတို့ တတ်အားသရွေ့ ပါဝင်နိုင်ကြစေရေး နိဗ္ဗာန်အကျိုးမျှော်ကာ နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။