Skip to main content

တနိုင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ရေကြီးမှုကြောင့် သီးနှံများပျက်စီးဆုံးရှုံးမှုအပေါ် နိုင်ငံတော်အစိုးရ၏ (ပြည်ထောင်စု)အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ကြေးပေးအပ်

တနိုင်း  သြဂုတ်   ၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၁၉ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ် ရေကြီးရေလျှံမှုများကြောင့် စိုက်ပျိုးသီးနှံပင်များ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ  တောင်သူများ အနေဖြင့် ပျက်စီးဆုံးရှုံးများအတွက် သက်သာမှုရရှိစေရန်ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏ (ပြည်ထောင်စု) အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ကြေး ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ဆောင်ရွက်ခဲ့သည်။

၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ လယ်ယာစိုက်ခင်းများမှစိုက်ပျိုးသီးနှံပင်များ ရေကြီးနှစ်မြုပ်ခြင်းနှင့် ရွှံ့နွံများ ဖုံးလွမ်းမှုများကြောင့် တောင်သူ(၂၇၅)ဦး၏ စိုက်ပျိုးမြေဧက(၅၄၉)ဧက ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာ အဆိုပါပျက်စီး ဆုံးရှုံးမှုများအတွက်  ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီးဦးဇော်ဝင်းသည် နိုင်ငံတော်အစိုးရ၏ (ပြည်ထောင်စု) အရေးပေါ် ရန်ပုံငွေဖြင့် တနိုင်းမြို့နယ် အတွင်း လယ်ယာစိုက်ခင်းများ ရေကြီးနှစ်မြုပ်ခြင်း ခံစားခဲ့ရသော တောင်သူ(၂၇၅)ဦးအတွက် ထောက်ပံ့ ကြေးငွေကျပ်(၅,၄၉၀,၀၀ဝိ/-) ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းသို့ထောက်ပံ့ပေးအပ်ရာတွင် ရေကြီးနှစ်မြုပ်မှုကြောင့် စိုက်ပျိုးသီးနှံပင်များ ပျက်စီးဆုံးရှုံးခဲ့သော တရုံကျေးရွာအုပ်စုမှ တောင်သူ(၁၄၄)ဦး၏ စိုက်ပျိုးမြေ(၃၆၂)ဧကအတွက် ထောက်ပံ့ငွေကျပ် (၃,၆၂၀,၀၀ဝိ/-)အားလည်းကောင်း၊ မကောကျေးရွာအုပ်စုမှ တောင်သူ(၈၀)ဦး၏ စိုက်ပျိုးမြေ(၉၉)ဧက အတွက် ထောက်ပံ့ငွေ ကျပ်(၉၉၀,၀၀ဝိ/-) အား လည်းကောင်း၊ ရှင်ဗွေယန်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ခပ်ဆားကွင်းမှ တောင်သူ(၄၆)ဦး၏ စိုက်ပျိုးမြေ(၇၈)ဧကအတွက် ထောက်ပံ့ငွေကျပ်(၇၈၀,၀၀ဝိ/-)နှင့် ရှင်လုံဂါး ကျေးရွာအုပ်စု၊ ပန္နက်ကျေးရွာမှ တောင်သူ(၅)ဦး၏ စိုက်ပျိုးမြေ(၁၀)ဧကအတွက် ထောက်ပံ့ငွေ ကျပ်(၁၀၀,၀၀ဝိ/-) ဖြစ်ပြီး စုစုပေါင်းငွေကျပ် (၅,၄၉၀,၀၀ဝိ/-) ထောက်ပံ့ ပေးအပ် ခဲ့ကြောင်း သိရသည်။

စိုင်းထင်ကျော်(ပြန်/ဆက်)