နိုင်ငံတော်၏ မြို့တော်ဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေကို အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စံပြနယ်မြေတစ်ခုဖြစ်လာစေရေးမျှော်မှန်းကာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ တည်နေရာအားဖြင့် အရှေ့ရိုးမနှင့် အလယ်ရိုးမကြားတွင်ရှိပြီး အကျယ်အဝန်းစတုရန်းမိုင် ၂၇၂၄ မိုင်ရှိသည့် နေပြည်တော်ကောင်စီနယ်မြေတွင် စိုက်ပျိုး မြေဧရိယာဧကစုစုပေါင်း ၃၂၀၀၀၀ ကျော်ရှိနေသည်။ စစ်တောင်းမြစ်ဖျားပိုင်းဖြစ်သည့် ပေါင်းလောင်းမြစ်နှင့် ဆင်သေချောင်း၊ ငလိုက်ချောင်း အစရှိသည့် ချောင်း၊ မြောင်းများ၊ ရေဆင်းဆည်၊ ငလိုက်ဆည်၊ ဆင်သေဆည် စသည်တို့အပါအဝင် ရေလှောင်တမံ၊ ဆည်၊ ကန်များတည်ရှိနေရာ စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့အတွက် လိုအပ်ချက်များပြည့်စုံသည်။
၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ နေပြည်တော်ကောင်စီနယ်မြေတွင် လူဦးရေ ၉၂၅၀၀၀ ခန့်ရှိပြီး လာရောက်အခြေချနေထိုင်မှုများကြောင့် လူဦးရေမှာ တိုးတက်လျက်ရှိသည်။ ရန်ကုန်နှင့် မန္တလေးတို့ပြီးလျှင် မြန်မာနိုင်ငံတွင် တတိယလူဦးရေအများဆုံးဖြစ်သည့် နေပြည် တော်ကို Green City ၊ Clean City ၊ Smart City အဖြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် အကောင်အထည်ဖော်ကြိုးပမ်းလျက်ရှိရာ လုပ်ငန်းများအောင်မြင်ပြီးမြောက်သည်နှင့်အမျှ နေပြည်တော်ကို စိမ်းလန်းစိုပြည်သည့် မြို့တော်၊ သန့်ရှင်းလှပသည့်မြို့တော်၊ ခေတ်မီသည့် မြို့တော်အဖြစ် တွေ့မြင်လာရမည်ဖြစ်သည်။
“နေပြည်တော်ကောင်စီနယ်မြေအတွင်း လမ်းပန်းဆက်သွယ်မှုကောင်းမွန်သကဲ့သို့ လျှပ်စစ်ဓာတ်အားလည်း လုံလောက်စွာရရှိကြောင်း၊ ထို့ကြောင့် နေပြည်တော်ကို Green City ၊ Clean City ၊ Smart City ဖြစ်အောင် ဆောင်ရွက်ပြီးကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုလည်း စံပြအဖြစ်ဆောင်ရွက်နိုင်မည်ဆိုပါက မိမိတို့နိုင်ငံအတွက် အခွင့်အလမ်းများ များစွာတိုးတက်လာမည်ဖြစ်ကြောင်း” နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ် မေလအတွင်းကျင်းပခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးတွင် ပြောကြားခဲ့ရာ ဒေသတွင်ရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့ကို ခေတ်မီနည်းစနစ်များဖြင့် စနစ်တကျစိုက်ပျိုးမွေးမြူကာ ကုန်ထုတ် လုပ်မှုမြင့်မားစေရန် မြှင့်တင်ကြရမည်ဖြစ်သည်။ ယင်းမှ ထွက်ရှိလာသည့် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို အခြေခံသောကုန်ချောထုတ်လုပ်မှုများကို ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ထွက်ပေါ်လာမည်၊ ဒေသဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူလုပ်ငန်းများမှထွက်လာသည့် ကုန်ကြမ်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်စေရန် နည်းပညာသင်တန်းများဖြင့်လည်း အသိပညာပေးလျက်ရှိရာ တီထွင်ဖန်တီးမှုစွမ်းအားများဖြင့်ပေါင်းစပ်ပြီး ပြည်ပတင်ပို့နိုင်သည်အထိ ကြိုးပမ်းသွားရန်လည်း လိုအပ်မည်ဖြစ်သည်။
နေပြည်တော်တွင် သဘာဝအတိုင်းတည်ရှိပြီးဖြစ်သည့် တောတောင်ရေမြေမြစ်ချောင်းအင်းအိုင်များကို လူတို့၏စီမံဖန်တီးလုပ်ကိုင်မှုများနှင့် ပေါင်းစပ်ခြင်းဖြင့် စိမ်းလန်းစိုပြည်၊ သန့်ရှင်းသာယာလှပလာမည်ဖြစ်သည်။ ယင်းသို့သော စိတ်နှလုံးမွေ့လျော်ဖွယ်နေရာမျိုးသည် ခရီးသွားတို့ကို လာချင်အောင် ဆွဲဆောင်မှုများပင်ဖြစ်ရာ နိုင်ငံ၏မြို့တော် နေပြည်တော်ကို ပို၍စိမ်းလန်းသော၊ ပို၍သန့်ရှင်းသော၊ ပို၍ခေတ်မီသော မြို့တော်ဖြစ်လာစေရန် ကဏ္ဍအလိုက် တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ၊ မြို့တော်သူမြို့တော်သားများက လက်တွေ့ကျကျ အားထုတ်ဆောင်ရွက်ကြရပါမည့် အကြောင်း။ ။
မြန်မာ့အလင်းအယ်ဒီတာ့အာဘော်