Skip to main content

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော်

နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားကိုရှေးရှု၍ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်ကြရသည်။ တရားဥပဒေစိုးမိုးမှု၊ တည်ငြိမ်အေးချမ်းမှုရှိပါမှ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ရည်မှန်းချက်များနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများကို ချောမွေ့အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ မျက်မှောက်ကာလတွင် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ပါ “အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်” ဟူသည့်အချက်ကို အကောင် အထည်ဖော်လျက်ရှိသည်။

ထိုလုပ်ငန်းစဉ်ကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးရှိရန်လိုအပ်သည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲစနစ်ဖြင့် ဒီမိုကရေစီခရီးလမ်းကို လျှောက်လှမ်းခဲ့ရာတွင် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းများမှားယွင်းမှု၊ မဲမသမာမှုများဖြင့် ဒီမိုကရေစီ စနစ်ကိုစွန်းထင်းညစ်နွမ်းစေသော ဖြစ်ရပ်များပေါ်ပေါက်ခဲ့ရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါအရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များအရ တိုင်းပြည်၏တာဝန်ကို ရယူထိန်းသိမ်းခဲ့ရခြင်းဖြစ်သည်။

ယင်းအခြေအနေပေါ်တွင် နိုင်ငံရေးအသုံးချမှုများရှိလာခဲ့သည်။ တပ်မတော်နှင့်ပြည်သူ အထင်အမြင်လွဲမှားစေရန် သွေးထိုးလှုံ့ဆော်မှုများပြုလုပ်ခဲ့ကြသည်။ နိုင်ငံတော်အာဏာကိုမရလျှင် တိုင်းပြည်ပျက်စီးရေးလမ်းကြောင်းကို ကြိုတင် ပြင်ဆင်ကြံစည်ခဲ့ကြသည်။ တိုင်းပြည်ကို ဒီမိုကရေစီရရှိအောင် ဆောင်ရွက်မည်ဆိုသူများသည် ၎င်းတို့ကို ထောက်ခံသူများ၊ တပ်မတော်၏ဆောင်ရွက်ချက်ကို သဘောမပေါက်သူများအား ဆူပူသောင်းကျန်းသူများဖြစ်လာအောင် လမ်းမှားသို့တွန်းပို့ခဲ့ကြသည်။ နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားပျက်ပြားစေရန် ပြည်သူလူထုနှင့်ဝန်ထမ်းများအား ဆန့်ကျင်တုံ့ပြန်ကြရန် လှုံ့ဆော်ခဲ့သည်။ တစ်ဖက်တွင် CRPH ၊ NUG ၊ PDF အကြမ်းဖက်အဖွဲ့များ ဖွဲ့စည်းခဲ့သည်။ EAO အဖွဲ့အချို့က အားပေးကူညီမှုများ ပြုလုပ်ခဲ့ကြသည်။ ထိုသို့သောအကြောင်းများကြောင့် နိုင်ငံတော်အတွင်း လက်နက် ကိုင်အကြမ်းဖက်ဖြစ်စဉ်များ ပေါ်ပေါက်လာရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အလေးထား လုပ်ဆောင်နိုင်ခဲ့သည်။ နိုင်ငံတော်နှင့်နိုင်ငံသားတို့အပေါ် ရိုးသားဖြောင့်မတ်စွာဖြင့် စိတ်ကောင်းစေတနာထားရှိကာ လုပ်ဆောင်ခဲ့သလို နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စရပ်များတွင် ရေရှည်အကျိုးရှိစေမည့်အစီအမံများကို လက်တွေ့အကောင်အထည်ဖော်ခဲ့သည်။ လာမည့်ကာလတွင် ရှေ့လုပ်ငန်းစဉ်(၅)ပါအတိုင်း လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပ၍ အနိုင်ရသည့်ပါတီအား အာဏာလွှဲပြောင်းပေးသွားမည်ဖြစ်သည်။ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအား ရှေ့နောက်ဆင်ခြင်သုံးသပ်ကြည့်လျှင် အမှန်တရားကိုတွေ့နိုင်ပါသည်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီကာလ ကြိုတင်ကြံစည်မှုများ၊ ရွေးကောက်ပွဲကာလ မသမာမှုပြုလုပ်မှုများ၊ ရွေးကောက်ပွဲပြီးကာလ အကြမ်းဖက်အဖျက်လုပ်ရပ် ဆောင်ရွက်မှုများကို ဆင်ခြင်ကြည့်လျှင် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားကို ရှေးရှုခြင်းမရှိဘဲ မရိုးသားသောနည်းလမ်းဖြင့် ဖြတ်လမ်းလိုက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေမည့် လုပ်ရပ်များကို ဆက်လက်လုပ်ကိုင်လျက်ရှိသည်။ မည်သို့ပင်ဖြစ်စေ တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထုအကျိုးအတွက် ကာကွယ်စောင့်ရှောက်နေသူ Guardian အဖြစ် အစဉ်အမြဲဆက်လက်တည်ရှိနေမည်ဖြစ်သည်။ ပြည်သူလူထု၏ လိုလားချက်ဖြစ်သည့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စေရန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသားအားလုံး ဒီမိုကရေစီအခွင့်အရေးများ မဆုံးရှုံးရလေအောင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မြို့ရွာများတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးသည် ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်သာမက တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝလုံခြုံချောမွေ့ရေးအတွက် တစ်ဆက်တစ်စပ်တည်းဖြစ်သောကြောင့် ရပ်ရွာလုံခြုံရေးအား အလေးထားဆောင်ရွက်ရမည့်ဒေသများတွင် ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။   ။

ကြေးမုံအယ်ဒီတာ့အာဘော်