“တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည်တရားမျှတခြင်း၊လွတ်လပ်ခြင်း၊ သာတူညီမျှအခွင့်အရေးရရှိခြင်းဟူသည့် အနှစ်သာရများဖြင့် ပြည့်ဝသောဖက်ဒရယ် စနစ်ကိုအခြေခံသည့်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းချက်ပန်းတိုင်ကို မလွဲမသွေ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တိုင်းရင်းသားပြည်သူအားလုံး ပင်လုံစိတ်ဓာတ်အရင်းခံကာ ချစ်ကြည်စည်းလုံးစွာဖြင့်နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းလက်တွဲဆောင်ရွက်သွားကြရန်” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် တိုက်တွန်းထားသည်။
ပင်လုံစိတ်ဓာတ်အရင်းခံဟူသည် တောင်တန်း၊ ပြည်မမခွဲခြားဘဲ မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေးကို အတူတကွရယူနိုင်ရန်အတွက် တိုင်းရင်းသားအားလုံး၏ရင်တွင်း၌ ကိန်းအောင်းနေသည့် အပြင်းအထန်အခိုင်အမာဆုံးသောသန္နိဋ္ဌာန်ဖြင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လုံမြို့လေးတွင် တိုင်းရင်းသားခေါင်းဆောင်များအားလုံး တညီတညွတ်တစည်းတလုံးတည်းစုပေါင်း၍ အခိုင်အမာတည်ဆောက်ခဲ့သည့် စိတ်ဓာတ်ဖြစ်သည်။ ထက်သန်ပြင်းပြသည့် စည်းလုံးညီညွတ်မှု (ဝါ) ပြည်ထောင်စုစိတ်ဓာတ်ကိုအရင်းခံ၍ မြန်မာနိုင်ငံသည် လုံးဝလွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်လာခဲ့သည်။
တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် နိုင်ငံတစ်နိုင်ငံအေးချမ်းတည်ငြိမ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် အသက်တမျှအရေးပါလျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသည့်မောင်းနှင် အားတစ်ရပ်ဖြစ်သည်ကိုလည်းအခိုင်အမာ ညွှန်းဆိုထားသည်။ နယ်ချဲ့တို့သည် ၎င်းတို့၏ရေရှည်အကျိုးစီးပွားအတွက် မြန်မာနိုင်ငံအားပြည်မနှင့် တောင်တန်းဒေသခွဲခြား၍ သွေးခွဲအုပ်ချုပ်ခဲ့သော အကျိုးဆက်ကြောင့်လည်းကောင်း၊ တိုင်းရင်းသားခေါင်းဆောင်များကြားတွင် လူမျိုးစွဲ၊ ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ ပုဂ္ဂိုလ်စွဲတို့ကြောင့်လည်းကောင်း လွတ်လပ်ရေးရပြီးလပိုင်းအတွင်းမှာပင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားကာ ယနေ့အချိန်အထိ ငြိမ်းချမ်းမှုမရရှိသေးသည်ကို တွေ့ရမည်ဖြစ်သည်။
လွတ်လပ်ရေးရရှိပြီးသည်မှာ စိန်ရတုကာလလူ့သက်တမ်းတစ်ခုကိုပင် ကျော်လွန်လာပြီဖြစ်သော်လည်း မငြိမ်းချမ်းသည့် ခါးသီးသောခံစားမှုများကို ပဋိပက္ခဒေသများမှ တိုင်းရင်းသားပြည်သူများ တိုက်ရိုက်ကြုံတွေ့ခံစားနေရသလို ကျန်တိုင်းရင်းသားပြည်သူများအနေဖြင့်လည်းသွယ်ဝိုက်သောနည်းအားဖြင့် ဆိုးမွေများနှင့်ကြုံတွေ့နေရသည်။ မငြိမ်းချမ်းသော ပြဿနာများကို အဖြေရှာရာတွင် တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်းကြား အပြန်အလှန်နားလည်ခွင့်လွှတ်မှု၊အပြန်အလှန်လေးစားမှု၊ အပြန်အလှန်ယုံကြည်မှုတို့ကို အခြေခံလျက် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ပင်လုံမြေတွင် သွေးစည်းညီညွတ်မှုကိုသက်သေထူသကဲ့သို့ စည်းလုံးညီညွတ်မှုကို တည်ဆောက်သွားကြရမည်ဖြစ်သည်။
ယနေ့အချိန်အခါတွင် ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအတွက် ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက်မှုများဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ပြုလုပ်လျက်ရှိရာ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အကျိုးရလဒ်များ တိုးတက်ရရှိလာနေပြီ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်၏ အကျိုးစီးပွားကို ရှေးရှု၍ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်(၁၂)ရပ်တို့ကိုချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အောင်မြင်မှုရလဒ်များ အတိုင်းအတာတစ်ခုအထိ ရရှိနေပြီဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များကို တိုးတက်လာအောင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုတို့သည် တိကျခိုင်မာသည့်သန္နိဋ္ဌာန်များနှင့် ပူးပေါင်းလက်တွဲစုစည်းညီညွတ်သည့် အားမာန်များကြောင့်ဖြစ်သည်။
မျက်မှောက်ကာလတွင် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား၌ ၁၉၄၇ ခုနှစ်က ပင်လုံမြေတွင် တည်ဆောက်ခဲ့သော နားလည်ယုံကြည်မှုအင်အားများ၊ စည်းလုံးညီညွတ်မှုအားမာန်များကဲ့သို့ စွမ်းအားသတ္တိများရရှိလာအောင် ကြိုးပမ်းတည်ဆောက်ကြရမည်ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ ကျော်က ပင်လုံမြေတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အခိုင်အမာပြသကြသကဲ့သို့ ယနေ့အချိန်အခါတွင်လည်း တိုင်းရင်းသားပြည်သူအချင်းချင်း ချစ်ခင်ရင်းနှီးစည်းလုံးညီညွတ်မှုကို အခိုင်အမာပြသကြရမည်ဖြစ်သည်။ယင်းသို့ တိုက်တွန်းနှိုး ဆော်နေရခြင်းမှာလည်း မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇၀ ကျော် မညီညွတ်မှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် ရလဒ်များကိုတိုင်းရင်းသားပြည်သူများခံစားနေကြရပြီးနိုင်ငံတကာအလယ်တွင်လည်း အများတန်းတူရပ်တည်နေထိုင်ရန် နောက်ကျကျန်နေသောကြောင့် ဖြစ်သည်။
သို့ဖြစ်ရာ တိုင်းရင်းသားပြည်သူအားလုံး တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ သာတူညီမျှဖြစ်ခြင်းဟူသည့် လွတ်လပ်သောနိုင်ငံ၏အနှစ်သာရများကို အားလုံးရရှိခံစားနိုင်ရန် ပြည်ထောင်စုစိတ်ဓာတ်အရင်းခံဖြင့် နိုင်ငံတော်အစိုးရနှင့်အတူ ဝိုင်းဝန်းလက်တွဲပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။
(ကြေးမုံအယ်ဒီတာ့အာဘော်)