Skip to main content

(၄၁) ကြိမ်မြောက် အာဆီယံပါလီမန်များအထွေထွေညီလာခံတက်ရောက်ရေး မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဩဂုတ်

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၈ ရက်မှ ၁၀ ရက်အထိ Video Conferencing စနစ်ဖြင့် ကျင်းပမည့် (၄၁) ကြိမ်မြောက် အာဆီယံပါလီမန်များအထွေထွေညီလာခံ (41st AIPA General Assembly) သို့ ပါဝင်တက်ရောက်ရေးအတွက် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့၏ ဒုတိယ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် လွှတ်တော်ဝင်း၊ ဇမ္ဗူသီရိဆောင်၌ ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်က အာဆီယံပါလီမန်များ အထွေထွေညီလာခံတွင် ဆွေးနွေးကြမည့် အဆိုမူကြမ်းများအနေဖြင့် AIPA Secretariat ထံမှ နိုင်ငံရေးရာ ကော်မတီအတွက် အဆိုမူကြမ်း () ခု၊ AIPA အုပ်ချုပ်မှုကော်မတီအတွက် အဆိုမူကြမ်း (၁၅) ခုနှင့် ကျန်ကော်မတီများ အတွက် အဆိုမူကြမ်းခေါင်းစဉ်များကို ရရှိထားပါကြောင်း၊ ယင်းအဆိုမူကြမ်းများအပေါ် မြန်မာ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့က သဘောထားရပ်တည်ချက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ကော်မတီဝင်များက အကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ AIPA National Secretariat မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးဘုန်းကြည်အောင်က ရရှိထားသည့် အဆိုမူကြမ်းများအတွက် လိုအပ်သည့် သတင်းအချက် အလက်များကို သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် ပေါင်းစပ်ရယူဆောင်ရွက်နိုင်ရေးအတွက် ရှင်းလင်းတင်ပြသည်။ ထို့နောက် AIPA ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း၊ နိုင်ငံရေးရာ ကော်မတီ အဖွဲ့ခေါင်းဆောင် ဒေါ်စုစုလွင်၊  စီးပွားရေးရာကော်မတီ အဖွဲ့ခေါင်းဆောင် ဦးနိုင်ထူးအောင် အဖွဲ့ဝင် ဦးဘိုဘိုဦးနှင့် ဒေါ်ရွှေရွှေစိန်လတ်၊ လူမှုရေးရာကော်မတီ အဖွဲ့ခေါင်းဆောင် ဒေါက်တာ စံရွှေဝင်း၊ အမျိုးသမီးရေးရာ အဖွဲ့ခေါင်းဆောင် နော်လှလှစိုး၊ လူငယ်လွှတ်တော်ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဒေါ်ဝင့်ဝါထွန်း၊ AIPA အုပ်ချုပ်မှုကော်မတီ အဖွဲ့ဝင် ဒေါ်ပြုံးကေသီနိုင် တို့က အဆိုမူကြမ်း များအပေါ် မည်သို့ဆောင်ရွက်သင့်သည်များကို အကြံပြုဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက က မြန်မာလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ လိုအပ်သည့် သတင်း အချက်အလက်များကို အချိန်မီရယူဆောင်ရွက်နိုင်ရန်နှင့် ညီလာခံမစတင်မီ  ကြိုတင်ပြင်ဆင်ရန် ကိစ္စများ အားလုံးအသင့်ဖြစ်ရေးကို အလေးထားပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)