Skip to main content

စစ်အုပ်ချုပ်ရေးသတ်မှတ်ခြင်းသည် ပြစ်မှုကျူးလွန်သူများအတွက်သာ

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေး(၁/၂၀၂၃)တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ နိုင်ငံတော်အရေးပေါ်အခြေအနေကာလအတွင်း လုပ်ဆောင်ချက်နှင့် တွေ့ရှိချက်များကို ယာယီသမ္မတထံတင်ပြချက်များ အရနိုင်ငံတော်တစ်ဝန်းလုံးတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဆက်လက်လုပ်ဆောင်ရန်လိုအပ်ချက်များ ရှိနေသေးသည့်အတွက် အရေးပေါ်ကာလကို နောက်ထပ် ခြောက်လထပ်မံသက်တမ်းတိုးမြှင့်ခဲ့ရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စစ်အုပ်ချုပ်ရေးအမိန့်များထုတ်ပြန်ကာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၁ မြို့နယ်၊ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ငါးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ငါးမြို့နယ်၊ မွန်ပြည်နယ်အတွင်းရှိ မြို့နယ် တစ်မြို့နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်နှစ်မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ နှစ်မြို့နယ်၊ ကယားပြည်နယ်အတွင်းရှိ လေးမြို့နယ် စုစုပေါင်း ၃၇ မြို့နယ်တို့တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးတို့ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် တိုင်းမှူးများနှင့် ဒေသကွပ်ကဲရေးမှူးတို့အား မြို့နယ်များ၏အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာအာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အပ်နှင်းခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လမ်းညွှန်မှာကြားသည့် အစည်းအဝေးကို ဖေဖော်ဝါရီ ၉ ရက်က ကျင်းပရာတွင် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “အကြမ်းဖက်မှုများကို ဒုတိယအကြိမ် အရေးပေါ်သက်တမ်းကာလတွင် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်လာသဖြင့် အရေးကြီးသည့်မြို့နယ်များကို စစ်အုပ်ချုပ်ရေးအမိန့်များ တိုးမြှင့်သတ်မှတ်ခဲ့ရပြီး အကြမ်းဖက်မှုများလျော့ပါးအောင် ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စစ်အုပ်ချုပ်ရေးသတ်မှတ်ခြင်းသည် ပြစ်မှုကျူးလွန်သူများအတွက်သာဖြစ်ပြီး ပြည်သူများကိုကြေညာခြင်းမဟုတ်ကြောင်း၊ ပြည်သူများအနေဖြင့် စည်းကမ်းနှင့်အညီ လွတ်လပ်စွာနေထိုင်သွားလာလှုပ်ရှားနိုင်ကြောင်း၊ လာမည့်ခြောက်လတာကာလအတွင်း အဆိုပါဒေသများ၏ တည်ငြိမ်အေးချမ်းမှုသည်လည်း အတိုင်းအတာတစ်ခုအထိ တိုးတက်လာမည်ဟုယူဆပါကြောင်း” ထည့်သွင်းပြောကြားခဲ့ရာ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခဲ့သည့် မြို့နယ်များ၏ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက် ဆောင်ရွက်ချက်များသည် ရိုးသား၍စစ်မှန်သောပြည်သူများအတွက် ထိခိုက်မှုတစ်စုံတစ်ရာဖြစ်ပေါ်စေမည်မဟုတ်ဘဲ ပိုမို၍ပင်အကာအကွယ်ရရှိလာ စေမည်ဖြစ်သည်။

ဥပဒေစည်းမျဉ်းစည်းကမ်းများသည် လူ့အဖွဲ့အစည်း၏ တည်ငြိမ်အေးချမ်းရေးအတွက်ဖြစ်ပြီး အရေးပေါ်အခြေအနေမျိုးတွင်မူ စစ်အုပ်ချုပ်ရေးအမိန့်မျိုးကို လိုအပ်ချက်နှင့်အညီ ထုတ်ပြန်ဆောင်ရွက်ခြင်းဖြစ်ရာ မိမိတို့၏ဒေသများတွင် အကြမ်းဖက်တိုက်ခိုက်မှုများ လျော့နည်းပပျောက်ရေး၊ ဒေသအေးချမ်းတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ဒေသခံပြည်သူများ၏ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုများကလည်း အရေးပါသည့်အလျောက် တစ်တပ်တစ်အားကူညီဆောင်ရွက်ကြရန်၊ စည်းကမ်းနှင့်အညီ လွတ်လပ်စွာနေထိုင် သွားလာကြခြင်းဖြင့်လည်း ကူညီနိုင်ကြစေရန် နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။   ။

မြန်မာ့အလင်းအယ်ဒီတာ့အာဘော်