Skip to main content

ရန်ကုန် - ကိုကိုးကျွန်း တတိယမြောက်သင်္ဘောခရီးစဉ် ဩဂုတ် ၉ ရက်တွင် ပြေးဆွဲမည်

ရန်ကုန်  ဩဂုတ်  ၆

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)၏ စီမံမှုဖြင့် ရန်ကုန် - ကိုကိုးကျွန်း တတိယ မြောက်သင်္ဘောခရီးစဉ်ကို ဩဂုတ် ၉ ရက် တွင် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

ရာသီဥတုအခြေအနေနှင့် သယ်ယူပို့ဆောင်ပေးရမည့် ကုန်တန်ချိန်ပေါ်မူတည်ကာ ယခင်က ကိုကိုးကျွန်းခရီးစဉ်ကို တန်ချိန် တစ်ထောင်ခန့်ရှိ သဟာပတိ ရေယာဉ်ဖြင့် ပြေးဆွဲခဲ့သော်လည်း ယခုအခါ တွင် တန်ချိန် ၃၅၀၀ ခန့်ရှိ M.V Charites သင်္ဘောဖြင့် ပြောင်းလဲပို့ဆောင်မည်ဖြစ် ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ကုန်တိုင်းတစ်တိုင်းလုံး မီးလင်းရေးစီမံချက်အရ ကိုကိုးကျွန်းမြို့နယ်သို့ ပို့ဆောင်ရမည့် အဓိကကုန်စည်များနှင့် ပတ်သက်၍ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က “ ကိုကိုးကျွန်းမြို့နယ် လျှပ်စစ်မီးလင်းရေးကို အဓိကထားပြီး ဆောင်ရွက်မှာဖြစ်တဲ့အတွက် YESC ကနေ ပို့ချင်တဲ့ ဓာတ်တိုင်တွေ၊ မီးနဲ့ ပတ်သက်တဲ့ အထောက်အပံ့ပစ္စည်းတွေ၊ ဆိုလာနဲ့ပတ်သက်တဲ့ပစ္စည်းတွေ တန်ပေါင်း ၄၇၀ ကျော်ကို ပို့ရမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

သဟာပတိရေယာဉ်ဖြင့် ရန်ကုန်-ကိုကိုး ကျွန်း ပထမခရီးစဉ်ကို ဇန်နဝါရီလတွင် လည်းကောင်း၊ ဒုတိယခရီးစဉ်ကို မတ်လ အတွင်း၌လည်းကောင်း ပြေးဆွဲပေးခဲ့ပြီး ယခုအကြိမ် ပြေးဆွဲခြင်းသည် တတိယ အကြိမ်မြောက် ပြေးဆွဲခြင်းဖြစ်သည်။ ယခင် က သဟာပတိရေယာဉ်ကို ကျပ်သိန်း ၂၀၀ ဖြင့် ငှားရမ်းအသုံးပြုခဲ့သော်လည်း ယခု အခေါက်တွင် ကုန်တန်ချိန်ပိုမိုတင်ဆောင် ရမည်ဖြစ်သည့်အတွက် M.V Charites ကို ကျပ်သိန်း ၃၅၀ ခန့်ဖြင့် ငှားရမ်းခြင်း ဖြစ်ကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)