မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ၂၀၁၄ ခုနှစ်တွင် စတင်ဖွဲ့စည်းပြီး ပြဋ္ဌာန်းခဲ့သောဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်အထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ ၆၄ ဦး၊ အဆင့်မြင့်အရာရှိ ၃၅ ဦး၊ အရာထမ်း ၇၃ ဦး၊ အမှုထမ်း ၇၃ ဦး၊ ပြည်သူ့ ဝန်ထမ်း ၁၉ ဦးနှင့် အခြားပုဂ္ဂိုလ် ၂၈ ဦး စုစုပေါင်း ၂၉၂ ဦးတို့ကို တရားစွဲဆိုအရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
အဂတိလိုက်စားမှုသည် နယ်ပယ်ကဏ္ဍစုံတွင် ဖြစ်ပေါ်လေ့ရှိပြီး ယခုအခါ နိုင်ငံရေးနယ်ပယ်တွင်ပါ ယခင်ကာလများထက် ပိုမိုပါဝင်ပတ်သက်လာနေသည်ကို တွေ့ရသည်။ ခေတ်အဆက်ဆက် အစိုးရများအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် အဟန့်အတားဖြစ်သည့် အဂတိလိုက်စားမှုကို စဉ်ဆက်မပြတ်တိုက်ဖျက်ခဲ့ သည်။ ယခုလက်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် တတိယအကြိမ်သက်တမ်းတွင် နိုင်ငံတော်ကအပ်နှင်းထားသည့် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ တံစိုးလက်ဆောင်ပေးခြင်း၊ ရယူခြင်းကျူးလွန်မှုများကိုသာမက တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းတစ်ရပ်ရပ်ကိုဖောက်ဖျက်၍ နိုင်ငံတော်၏ငွေကြေး၊ ပစ္စည်းနစ်နာဆုံးရှုံးပျက်စီးမှုများနှင့် အများပြည်သူအကျိုးစီးပွား ထိခိုက် နစ်နာဆုံးရှုံးမှုများကို စုံစမ်းစစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိသည်။
အဂတိလိုက်စားမှု ပြဿနာသည် မြန်မာနိုင်ငံသာမက ကမ္ဘာတစ်ဝန်းပျံ့နှံ့ဖြစ်ပွားနေပြီး နိုင်ငံများအားလုံး(ဖွံ့ဖြိုးပြီးနိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ)တွင် အစိုးရပိုင်းတွင်သာမက ပုဂ္ဂလိကပိုင်းနှင့် အမြတ်အစွန်းမဟုတ်သည့် ကုသိုလ်ဖြစ်လှူဒါန်း ရေးအဖွဲ့များတွင်ပါ အမြစ်တွယ်နေပြီဖြစ်ကြောင်း သတိပြုလာရပြီဖြစ်သည်။ သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်မှုစနစ်ဖြစ်ထွန်းစေရေးတွင် အဂတိလိုက်စားမှုသည် မဖြစ်မနေဖယ်ရှားရမည့်လုပ်ငန်းစဉ်ဖြစ်သည်။ နိုင်ငံတော် ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့်ကဏ္ဍများတွင် တိုးတက်ကောင်းမွန်မှု ဖြစ်ထွန်းလာစေရန်အတွက် အဂတိလိုက်စားမှုကင်းစင်ရေးသည် အထူးအရေးကြီးသည့် ကဏ္ဍတစ်ခုဖြစ်သည်။
အဂတိလိုက်စားမှုကို စဉ်ဆက်မပြတ် တိုက်ဖျက်လျက်ရှိသော်လည်း လူ့အသိုက်အဝန်းအတွင်း စိမ့်ဝင်ပျံ့နှံ့စွဲမြဲနေသည့်သဘောရှိနေ၍ အနာဂတ်ကာလတွင် သန့်ရှင်းကောင်းမွန်သော အသိုက်အဝန်းများဖြစ်ပေါ်လာစေရေးအတွက် ပျိုးထောင်တည်ဆောက်ကြရမည်ဖြစ်သည်။ မျိုးဆက်သစ်လူငယ်များကြားတွင် အဂတိလိုက်စားမှုကို မနှစ်သက်သည့်စိတ်ဓာတ်များ ကိန်းအောင်းလာအောင် ဆောင်ရွက်ပေးရမည်ဖြစ်သည်။ “မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကျောင်းများ၊ တက္ကသိုလ် များတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး (Edu-tainment) အစီအစဉ်”ကို အကောင်အထည်ဖော်နေသည်။ အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့်များတွင် အသိပညာပေးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ကျယ်ပြန့်စွာဆောင်ရွက်လျက်ရှိသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုများကို အများပြည်သူတို့နှင့်အတူလက်တွဲ၍ နိုင်ငံတစ်ဝန်းတွန်းလှန်တိုက်ဖျက်ခြင်းဖြင့် အများပြည်သူတို့၏ဘဝများ သာယာဝပြောလာစေရန်ဟူသော အပြုသဘော အယူအဆကို ကော်မရှင်၏ အနာဂတ်မျှော်မှန်းချက်အဖြစ် သတ်မှတ်ထားသည်။ မျိုးဆက်သစ်များအတွက် ရည်ရွယ်သော အဆိုပါအနာဂတ်မျှော်မှန်းချက်ကို ရည်ညွှန်း၍ “အဂတိပယ်ခွာ ပြည်သာယာ” ဟူသည့်ဆောင်ပုဒ်ကို သတ်မှတ်ထားသည်။ အနာဂတ်အတွက်ကောင်းမွန်သော အသိုက်အဝန်းဖြစ်ပေါ်လာစေရန် ရည်မှန်းဆောင်ရွက်လျက်ရှိသည့်နည်းတူ မျက်မှောက်ကာလတွင်လည်း ဖြစ်ပေါ်နေသည့် အဂတိလိုက်စားမှုများကို စုံစမ်းဖော်ထုတ်၍ ဆက်လက်အရေးယူဆောင်ရွက် လျက်ရှိသည်။
နယ်ပယ်ကဏ္ဍအသီးသီးတွင် အဂတိလိုက်စားမှုအမြစ်တွယ်နေခြင်းသည် ပြည်သူအားလုံး၏ အခွင့်အရေးအတွက် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်စေသည်။ အဂတိလိုက်စားမှုကြောင့် ပြည်သူတို့အတွက် နစ်နာဆုံးရှုံးမှုများ များစွာဖြစ်ပေါ်စေခြင်းနှင့် အခက်အခဲအနှောင့်အယှက်ဖြစ်စေသည့် လုပ်ဆောင်မှုများကို သတိပြုရမည်ဖြစ်သည်။ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်အရ “1111” ဝန်ဆောင်မှု SMS ဖြင့် မေးမြန်းလိုသောမေးခွန်းများကို ပွင့်လင်းမှန်ကန်စွာ ပြန်လည် ဖြေကြားပေးခြင်းဖြင့် ဌာနများအလိုက် ပြုပြင်ရန်လိုအပ်နေသည့် အားနည်းချက်များကို ပြုပြင်နိုင်ခြင်း၊ အသေးစားအဂတိလိုက်စားမှုများကို လျှော့ချနိုင်ခြင်း၊ အစိုးရအဖွဲ့အစည်းနှင့် ပြည်သူလူထုအကြား ယုံကြည်မှုတည်ဆောက်လာနိုင်ခြင်း စသည်တို့ဖြစ်ထွန်းလာအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းစေရေး၊ အများပြည်သူဆိုင်ရာအုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့်တာဝန်ယူမှု မြင့်မားရေးအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ခံယူဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။ ။