“နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် ငွေကြေးအရင်းအနှီးနှင့်လူအင်အား၊ သဘာဝအရင်းအမြစ်များနှင့် မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတတို့ ပြည့်စုံရုံသာမက ကျန်းမာရေး၊ ပညာရေးနှင့် အသိပညာမြင့်မားရေး၊ ပြည်သူလူထုအတွင်း စိတ်ဓာတ်ပိုင်းဆိုင်ရာနိုးကြားထက်သန်မှုနှင့်အတူ မြင့်မားသောရည်ရွယ် ချက်များရှိနေခြင်းတို့ လိုအပ်မည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ငွေကြေးနှင့်သယံဇာတအရင်းအမြစ်များထက် ဖန်တီးနိုင်စွမ်းနှင့် စိတ်ဓာတ်စည်းကမ်း ကောင်းမွန်သည့် လူသားအရင်းအမြစ်က ပို၍အရေးကြီးသည်ကို သတိပြုရမည်”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် အသိပေးထားသည်။
ကမ္ဘာ့နိုင်ငံရေးသမိုင်းကို လေ့လာကြည့်မည်ဆိုပါက နိုင်ငံတစ်နိုင်ငံ ကြီးပွားတိုးတက်ခြင်း၊ နိမ့်ကျဆင်းရဲခြင်း သို့မဟုတ် အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်းတို့သည် ထိုနိုင်ငံက ပိုင်ဆိုင်သည့်ငွေကြေးဥစ္စာအရင်းအနှီးများထက် ထိုနိုင်ငံရှိ နိုင်ငံသူနိုင်ငံသားများ၏စိတ်ဓာတ်သည်သာ အဓိကကျကြောင်း မြင်တွေ့ရမည်ဖြစ်သည်။ ငါ့နိုင်ငံတော်ကြီးပွားလိုသည့်စိတ်ဓာတ်၊ ငါ့နိုင်ငံတော် အောင်မြင်လိုသည့်စိတ်ဓာတ်များ ရှင်သန်ကြီးထွားမြင့်မားကြသည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်သူများသည် တစ်ဦးနှင့်တစ်ဦး စိတ်ဓာတ်နှင့်ခံယူချက်များ မတူကွဲပြားကြသော်လည်း ငါ့နိုင်ငံတော် အတွက်ဟူသောခံယူချက်ကြီးမားကြသောကြောင့် အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိလာကြသည်။ အဓိကမှာ နိုင်ငံသားများသည် ဖန်တီးနိုင်စွမ်းနှင့်စိတ်ဓာတ် စည်းကမ်းကောင်းမွန်မှုကို အခြေခံ၍ နိုးကြားတက်ကြွစည်းလုံးညီညွတ်မှုဖြင့် တိုးတက်လာကြသည်။ ပြာပုံဘဝမှ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ်သို့ ရောက်လာ ကြသည်ကိုတွေ့ရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကိုကြည့်မည်ဆိုလျှင် နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး အဘက်ဘက်တွင် ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိသော်လည်း မိမိတို့နိုင်ငံ၏ ကောင်းရာကောင်းကျိုးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသည့် ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်ပဩဇာခံ ပြည်ပြေးအဖွဲ့များနှင့် နိုင်ငံနှင့်ပြည်သူလူထုကို သစ္စာဖောက်ဖျက်နေသောအဖွဲ့အစည်းများ၊ နိုင်ငံအကျိုးကိုပစ်ပယ်ပြီး မိမိအာဏာရရှိရေးနှင့် ကိုယ်ကျိုးအတ္တကိုသာ ရှေ့တန်းတင်၍ အလုံးစုံပျက်စီးရေးကို ပြုလုပ်နေကြသူများကြောင့် နိုင်ငံတည်ငြိမ် အေးချမ်းမှုများယိုယွင်းပြီး ဖွံ့ဖြိုးတိုးတက်မှုများနောက်ကျနေသည်ကို တွေ့ရမည် ဖြစ်သည်။ ထို့ကြောင့် မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလှမ်းဝေးစေမည့်လုပ်ရပ်များကို နိုင်ငံချစ်သည့်နိုင်ငံသားတိုင်းက ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက် ကြရမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်းလူမှုစီးပွားဖွံ့ဖြိုး တိုးတက်စေရန် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတစ်ဝန်း နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် ငွေကြေးအရင်းအနှီးနှင့်လူအင်အား၊ သဘာဝအရင်းအမြစ်များနှင့် မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတများပြည့်စုံနေသော်လည်း ပြည်သူလူထုအတွင်း စိတ်ဓာတ်ပိုင်းဆိုင်ရာ နိုးကြားထက်သန်မှုများနှင့်အတူ မြင့်မားသောရည်ရွယ်ချက်များရှိနေသည့်စိတ်ဓာတ်များ နိုးကြားရှင်သန်ဖွံ့ဖြိုး ကြရန်လိုအပ်နေသည်။ တစ်နည်းဆိုသော် ဖန်တီးနိုင်စွမ်းနှင့် စိတ်ဓာတ်စည်းကမ်း ကောင်းမွန်သည့်လူသားအရင်းအမြစ်များ ပျိုးထောင်ပေးနိုင်ရေး လိုအပ်နေသည်။ ပြည်သူလူထုအတွင်း အသိမှား၊ အမြင်မှားများနှင့် ကောလာဟလများဖြန့်ချိ၍ အဆိုးမြင်စိတ်ခံစားမှုကို အဆုံးအထိ မြှင့်တင်ပေးကာ ပြည်သူကိုအရောင်ဆိုးပေးပြီး ဖျက်ဆီးနေသည့်စိတ်ဓာတ်များကို တားဆီးဖို့လိုသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို မျက်ကွယ်ပြုပြီး နိုင်ငံရေးဩဇာလွှမ်းမိုးအောင် ကြိုးပမ်းအားထုတ်မှုများကို သတိပြုရမည်ဖြစ်သည်။ တော်လှန်ရေးဟုအမည်တပ်ပြီး မိမိတို့အား ထောက်ခံသူများနှင့် မသိနားမလည်သူများ၏ ဘဝများကို ရင်းနှီးစတေး၍ အာဏာကို အချောင်ရယူရန် ကြိုးပမ်းအားထုတ်နေကြသူများ၊ ခေါင်းစဉ်အမျိုးမျိုးတပ်၍ လိမ်လည်လှည့်ဖျားကာ ကိုယ်ကျိုးရှာနေသူများကို ဝိုင်းဝန်းဖော်ထုတ် အရေးယူဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသည့် အလျောက် လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းရေးတွင် လက်တွဲပါဝင်ဆောင်ရွက် ကြရမည်ဖြစ်သည်။ တိုင်းရင်းသားပြည်သူများ၏ ဆန္ဒနှင့်အညီ ဦးတည်ချက်ထား၍ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီးဖြစ်ပေါ်လာရေးအတွက် တိုင်းရင်းသားပြည်သူများ အားလုံးက နိုင်ငံတော်နှင့်အတူ လက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရေးအတွက် ဖန်တီးနိုင်စွမ်းနှင့် စိတ်ဓာတ်စည်းကမ်းကောင်းမွန်သော လူသားအရင်း အမြစ်များ ရှင်သန်ဖွံ့ဖြိုးရေးသည် အရေးအကြီးဆုံးဖြစ်၍ ပြည်သူများအနေဖြင့် ဆင်ခြင်တုံအသိတရားဖြင့် ထိန်းသိမ်းဆောင်ရွက်ပြီး မျိုးဆက်သစ်များအား ပျိုးထောင်ပေးကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။